သစ္စာငါးချက် လက်နက်စွဲကိုင်
ဒုစရိုက်ပေါ မိုက်တောခုတ်ချိုင်
ဝိရတီထုံး ကျင့်သုံးပိုင်ပိုင်
ဒေါသကြမ်း ကုန်ခန်း ဖျက်ဖြိုနိုင်။
အဓိစိတ္တ ပွားများရန်
ပရိညာငါးပါး ဆောင်ပွားရှုသော်
တဏှာခပင်း ပယ်ရှင်းဖြတ်နော်
ငါသူ လူပြုတ် နာမ်ရုပ်တွေပေါ်
လောဘဓာတ် ခုတ်ဖြတ် ဆင့်ဆင့်ကျော်။
အဓိပညာ ဆင်ခြင်ရန်
ပညာငါးရပ် ထပ်ထပ်ဆင်ခြင်
ဒိဋ္ဌိစားစား မြင်မှားလွင့်စင်
သစ္စာကျယ်သိ သတိဥာဏ်ယှဉ်
မောဟယုတ် တိုက်ထုတ် ကုန်အောင်ပင်။
ကောဋ္ဌာသပွားရန်
မက်ရှုဖျက်ရှု ထွက်အောင်ရှု အရှုသုံးမျိုးသာ။
ငါသူ လူဟု ထင်မြင်မှု မက်ရှု မှတ်လေပါ။
မတင့်တယ်ဟု ဥာဏ်၌စု ဖျက်ရှု ခေါ်ရပါ။
အဒုနတ်ဟု တွေးထင်ပြု ထွက်ရှု ခေါ်သည်သာ။
မက်ရှုပယ်ရှား ဖျက်ထွက်ပွား မိုက်မှား ကင်းမည်သာ။
ဒါနဂိုဏ်း ၄-ပါး
ဒါနပါရမီ၊ အားရှိသလောက် ပေးရမည်၊
ဝီရိယပါရမီ၊ မဂ္ဂင်ရေနှင့် ဆေးရမည်၊
မေတ္တာပါရမီ၊ ရာဂကင်းအောင် ကျွေးရမည်၊
ပညာပါရမီ၊ အနိစ္စမြင်အောင် တွေးရမည်။
သီလဂိုဏ်း ၄-ပါး
သီလပါရမီ၊ ဒု,ကုန်ပယ်ကြဉ် ဆေးရမည်၊
ခန္တီပါရမီ၊ သည်းခံချုပ်တည်း မွေးရမည်၊
သစ္စာပါရမီ၊ နှုတ်မြွက်ဆောက်တည် ပေးရမည်၊
ပညာပါရမီ၊ ဒုက္ခမြင်အောင် တွေးရမည်။
နိက္ခမဂိုဏ်း ၄-ပါး
နိက္ခမပါရမီ၊ ကျွတ်လွတ်ထွက်မြောက်အေးရမည်၊
အဓိဋ္ဌာန်ပါရမီ၊ ချိန်မှန်ဆောင်ပွား ပေးရမည်၊
ဥပေက္ခာပါရမီ၊ လျစ်လျူကြံရှု မွေးရမည်၊
ပညာပါရမီ၊ အနတ္တမြင်အောင် တွေးရမည်။
မီးဘေးရှောင် မလောင်ခင်တား
အ၀ိဇ္ဖာ,တဏှာ, ကံ, စသည်ဖန် ငါးတန်ခန္ဓာ ဖြစ်ပေါ်လာ။
ခန္ဓာပွားစီး ဆယ့်တစ်မီး ထိန်ငြီး လောင်နေပါ။
မီးမပွားအောင်၊ သတိဆောင်၊ ကွင်းရှောင် နေ့ညသာ။
အစသုံးမီး၊ မပွားစီး၊ ကျန်မီး အေးငြိမ်းပါ။
ဒေါသမီးထ၊ ဓိသီလ၊ နေ့ည ဆောက်တည်ပါ။
ရာဂမီးကြွ၊ ဓိစိတ္တ၊ ပွားကြ နည်းစုံသာ။
မောဟမီးဖြာ၊ ဓိပညာ၊ လေ့လာ ကြိုးစားပါ။
ရာ,ဒေါ,မောဟံ၊ မီးသုံးတန်၊ ငြိမ်းရန် အားထုတ်ပါ။
ရှစ်မီးအကျန်၊ အားမတန်၊ အမှန် ငြိမ်းပျောက်ပါ။
မီးဆယ်တစ်တန်၊ ငြိမ်းရာမှန်၊ နိဗ္ဗာန် ပြည်ခေမာ။
သိက္ခာရေအေး၊ သွန်းလောင်းပေး။ မီးဘေး လွတ်မည်သာ။
Ref: စ တု ဘု မ္မိ က ကျင့် စဉ်။