သာသနာ့အာဇာနည်၏ ဘ၀မုခ်ဦး
သာသနာတော်နှစ် ၂၃၇၅ .ခု ကောဇာသက္ကရာဇ် ၁၁၉၃.ခုနှစ် ပထမ၀ါဆိုလဆန်း ၇ ရက်၊ ကြာသပတေးနေ့ ၃ ချက် ၁၁.ဖ၀ါးအချိန်တွင် မောင်မြသီး လူ့ဘ၀မုခ်ဦးသို့ ရောက်လာသည့်အချိန်ဖြစ်သည်။
မိန်းမတို့မည်သည် များသောအားဖြင့် အသက် ၄၀ ကျော်လျှင် ဓမ္မတာ သွေးဆုံးပြီဟု ဆေးကျမ်းများ၌ ဖော်ပြထားသည်၊ မောင်မြသီး၏ မိခင်ဒေါ်ခင်ငြိမ်းသည် သားထွေးရတနာ မောင်မြသီးအား ဖွားသန့်စင်သည့် အခါက အသက်မှာ ၄၂ နှစ်ကျော်လေပြီ၊ ၄၀ ကျော်မှ ဖွားလာသည့် သားတို့သည်-
ခွန်အားသောလည်း ကောင်းတတ်၏၊
ဥာဏ်ပညာသော်လည်း ထက်မြတ်တတ်၏၊
အနာကင်း၍ ကျန်းမာခြင်းသော်လည်း ရှိတတ်၏၊
ဟု အဆိုရှိသည်။
မောင်မြသီး ဖွားခါနီး နေ့တနေ့၌ မိခင်ဒေါ်ခင်ငြိမ်းသည် နေ့လည် အချိန် အိပ်စက်နေရင်း ထူးခြားသော နိမိတ်များကိုလည်း မြင်မက်လေသည်
´ကြန်အင်လက္ခဏာနှင့်ပြည့်စုံ၍ ဖြူဖွေးသည့် ဆင်ဖြူတော် ရတနာတစီးကို မိမိ ရင်ခွင်ထက်၌ ပွေ့ပိုက်ထားရသည်` ဟူ၍၎င်း၊
´နေ,လ နှစ်စင်းပေါ်သို့ တက်၍ ရှေ့ရှု ကြွလာတော်မူသော ဘုရားရှင်ကို ဖူးတွေ့ရသည်` ဟူ၍၎င်း မြင်မက်သည်။
ကလေးအရွယ် မောင်မြသီး
မောင်မြသီး တလသားအရွယ်သို့ ရောက်သောအခါ ဒိဋ္ဌမင်္ဂလာ အဖြစ်ဖြင့် ကင်ပွန်းတပ်ကြလေသည်။ မိခင်ဒေါ်ခင်ငြိမ်းနှင့် သီလရှင် ဒေါ်မယ်ထီတို့က မောင်မြသီးအား အစဉ်ပြုစုစောင့်ရှောက်လာရာ ၆လ အရွယ် ရှိလေပြီ။
နို့စို့အရွယ် ကလေးသူငယ်တို့မှာ များသောအားဖြင့် ငိုတတ်ကြ၏၊ မောင်မြသီးသည် ငိုတတ်သော အရွယ်ကပင် ငိုခြင်းမရှိ ရယ်ခြင်းလည်းမရှိ၊ ကလေးငယ် အရွယ်ကပင် ကလေးတို့ သဘောကို ဦးစွာတော်လှန်ခဲ့သည်၊ ကလေးငယ်နှင့်မလိုက်အောင် ရင့်ကျက်သော ဣနြေ္ဒ ရှိသည်ဟု အစဉ်လာ မှတ်သားချက်ရှိသည်။
မောင်မြသီး အသက်အရွယ် ၇ လ ရှိသောအခါ မိခင်နှင့် သီလရှင်ဒေါ်ဘွားထီးတို့သည် မောင်မြသီးအား ပွေ့ချီလျက် ခြေညောင်း လက်ဆန့်သဘောဖြင့် မဟာနန္ဒာကန်တော်သို့ စီးဆင်းနေသော မူးချောင်းရေကို ပျော်ရွှင်စွာ ရေချိုးပေးလေသည်။
မောင်မြသီးသည် မိခင်နှင့်အတူ မူးချောင်းတွင် ရေချိုးပေးနေစဉ် မိခင်လက်မှ လွတ်၍ ရေအလယ် လှေငယ်ပမာ ရေအယဉ်၌ မျောပါသွားလေသည်။
ယင်းသို့ ဖြစ်ပျက်သော အကြောင်းအရာကို အိမ်သို့ပြန်ရောက်ကြ၍ အစုံအလင် သိကြသော ဘိုးဘွားတို့က-
´ဤသူငယ် ကြီးလာသောအခါ လူ့ဘောင်နေလျှင် လူမင်း- ရဟန်းဝတ်နှင့်နေလျှင် ရဟန်းမင်း စင်စစ် မုချဖြစ်ရမည်`
ဟု ဟောကိန်းထုတ်၍ မင်္ဂလာရှိသော နိမိတ်များကို ပြောကြားနေကြလေသည်။
ကျောင်းသားလေး မောင်မြသီး
မောင်မြသီးအား မိဘနှင့် ဘွားထီတို့က စကား ပီကာစ အရွယ်ကပင် အိမ်မှာ သင်ကြားပေးလေရာ သူငယ်တို့ တတ်သင့်သော အခြေခံ ပညာရပ်များ တတ်မြောက်ပြီး ဖြစ်သည်။
ဘိုးဘွား မိဘများ လက်ထက်အခါကပင် အစဉ်ကိုးကွယ်ကြသည့် ဆရာတော်ရှိသည်၊ ယင်းဆရာတော်ကား ရွှေဘိုမြို့ ခေတ်ဦးအချိန်က ထင်ရှားသော စရစ်ကျောင်းတိုက်ကြီးမှ အဆက်အနွယ် ဆရာတော် ဖြစ်သည်။
ရွှေဘိုခေတ်ဦး သာသနာတွင် အလွန်ထင်ရှားခဲ့သော ပထမ စရစ်ဆရာတော်၏ တပည့် အရှင်ကောဏ္ဍညာဘိဓဇ မထေရ်ဖြစ်သည်။
ပိဋက သုံးပုံနှင့်တကွ နက္ခတ် ဗေဒင် ဆေးကျမ်း ဓာတ်ကျမ်း စသည်တို့ကို ပြောင်မြောက်စွာ တတ်ကျွမ်းတော်မူသည့် ဆရာတော်တပါးလည်း ဖြစ်သည် ဟု သိရပေသည်။
ထိုဆရာတော် အရှင်ကောဏ္ဍညာဘိဓဇ အထံတော်သို့ မိဘ ဘိုးဘွားတို့က မောင်မြသီးအား ပညာသင်ကြားရန် အပ်နှံကြသည်။
မောင်မြသီး ကျောင်းအပ်ချိန်မှာ အရွယ်အားဖြင့် ၆ နှစ်သားမျှသာ ရှိပါသေးသည်၊ မောင်မြသီး ကျောင်းမအပ်မီ ညအချိန်တွင်-
`အမွေးအတောင်လှပသော ကျေးသား တကောင်သည် ဆရာတော်အထံသို့ လာရောက်၍ ထူးဆန်းသော စကားကို သင်ယူလေ၏´ ဟူ၍ ဆရာတော် အရှင်ကောဏ္ဍညာဘိဓဇ အိပ်မက် မြင်လေသည်၊ ဆရာတော်သည် မြင်မက်သော အိပ်မက်အတိုင်း ကျောင်းသား မောင်မြသီး ကျောင်းသို့ အပ်နှံခြင်းဖြင့် မောင်မြသီးပင် ဧကန် ဖြစ်ရမည်ဟု ယုံကြည်လေသည်။
ရှင်ပဏ္ဍ၀ နှင့် သာသနာ့အမြုတေ
သက္ကရာဇ် ၁၂၀၅ ခုနှစ် မောင်မြသီး အသက် ၁၃ နှစ်အရွယ်ရောက်သော အခါ ဘိုးဘွား မိဘများက ဗုဒ္ဓဘာသာ မြန်မာတို့ထုံးတမ်းစဉ်လာနှင့် အညီ ရှင်ပြုပေးလေသည်၊ ဥပဇ္ဈာယ်အဖြစ် စရစ်ဆရာတော် အရှင်ကောဏ္ဍညာဘိဓဇ၊ မောင်မြသီး၏ ဘွဲ့မှာတော့ ရှင်ပဏ္ဍ၀ ဖြစ်သည်။
ရဟန်းတော် ဦးပဏ္ဍဝ
၁၂၁၄ ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်တွင် စရစ်ကျောင်းတိုက် ခဏ္ဍသိမ်၌ ဆရာတော် အရှင်ဦးကောဏ္ဍညာဘိဓဇအား ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ချီးမြှင့်ကြသည်။ ပစ္စည်းလေးပါး အဖြစ် ထောက်ပံ့ကြသော ရဟန်းဒါယယာများမှာ မိဘနှစ်ပါးပင် ဖြစ်သည်၊ ရှင်ပဏ္ဍ၀မှ ရဟန်းတော် ဦးပဏ္ဍ၀ ဖြစ်လာခဲ့ပေပြီ။
ဦးပဏ္ဍ၀ ရဟန်း ၁ ၀ါ အရ ၁၂၁၅ ခုနှစ် အဘိုးတော်သူ မြ၀တီဝန်ကြီး ဦးစလည်း အသက် ၈၇ နှစ်ရှိရှာပါပြီ၊ ဦးစသည် မိမိ၏ မြေးရဟန်းတော် ဦးပဏ္ဍ၀ တောက်ပြောင်မည့် အရေးကို မမှီလိုက်ရှာနိုင်တော့ပြီ။
သင်္ဂဇာ ကျောင်းတိုက်
မန္တလေး ရွှေမြို့တော် အနောက်ပြင်၌ ပုဂံခေတ် မင်းယဉ်စောဆရာ သံဃရာဇာထေရ် စတည်နေသည်ကို အစွဲပြုလျက် သင်္ဂဇာ ဟု တွင်သော သင်္ဂဇာချောင်းဟူ၍ ရှိ၏။
ထို သင်္ဂဇာချောင်းကမ်းထိပ်၌ တည်ရှိသော ကျောင်းကို သင်္ဂဇာကျောင်းတိုက်ဟု တွင်လေသည်။
မင်းတုန်းမင်းသည် ယင်းသင်္ဂဇာကျောင်းတိုက်ကို ဆောက်လုပ်ပြီးလျှင် ဆရာတော် ဦးအဂ္ဂဓမ္မအား ပင့်ဆောင် ကိုးကွယ်တော်မူ၍ `အဂ္ဂဓမ္မာလင်္ကာရ က၀ိဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု´ ဘွဲ့တံဆိပ်တော်ကိုလည်း လှူလေသည်။
သင်္ဂဇာ ကျောင်းတိုက် တင်လှူခြင်း ခံတော်မူသည်မှစ၍ ဆရာတော် ဦးအဂ္ဂဓမ္မအား သင်္ဂဇာဆရာတော်ဟု ထင်ပေါ်ကျော်ဇောခဲ့လေသည်။
သင်္ဂဇာဆရာတော်ထံတွင် ရောက်နေသော ဦးပဏ္ဍ၀သည် ပညာများကို ဆက်လက် အားထုတ်နေခဲ့ရာ သိက္ခာတော် ၅ ၀ါ ရရှိခဲ့လေပြီ၊ သင်္ဂဇာတိုက်တွင် ၅ နှစ် ၅ မိုးနေပြီး သင်ယူအားထုတ်ရန်ရှိသည့် သက္ကတ ပြာကရိုက်ဘာသာစသော ဘာသာ အမျိုးမျိုးကို၎င်း၊ ဗေဒင် နက္ခတ် ဆေးကျမ်း ဓာတ်ကျမ်း စသည်တို့ကို၎င်း သင်ယူခြင်းဖြင့် သင်္ဂဇာ ဆရာတော် အားကိုးလောက်သော တပည့်တပါး ဖြစ်လေသည်။
ထို့ကြောင့် သိက္ခာ ၅ ၀ါအရ သင်္ဂဇာတိုက်တွင် ပထမစာတော်ချအဖြစ် မြှောက်စားခြင်း ခံရလေသည်၊ ဦးပဏ္ဍ၀သည် ရဟန်း ၅ ၀ါအရမှာပင် သင်္ဂဇာ ဆရာတော်၏ အဖွင့်အကျယ်ကို ပြန်လည် အသစ်ရေးသားလျက် ´မင်္ဂလသုတ္တန္တ သာသန၀ိသောဓနီ` ကျမ်းအမည်တပ်၍ ဦးစွာကျမ်းပြု ဆရာတော်အဖြစ် ခံယူခဲ့လေသည်။
သင်္ဂဇာဆရာတော်ထံမှ ၀ိနည်းဖြတ်ထုံး ရေးနည်း ၀ိပဿနာကျင့်နည်း စာပေကြံနည်း စသော နိဿယည်းများ ကိုလည်း ဆရာနည်းကျ လက်ထပ်ရသည်အထိ နည်းခံတပည့်ကြီး ဖြစ်သည်။
´ဓမ္မက္ခန္ဓာ၊ အင်္ဂါကိုးမည်၊ ရင်နို့ရည်ကို၊ ချမ်းကြည်မျှလောက်၊ ၀ကြောင်း သောက်လျက်` စသည်ဖြင့်လည်း ဆရာတော်ကြီး ရေးသားခဲ့သော သာသနသုဒ္ဓိကျမ်း၌ ဖော်ပြထားလေသည်။
မင်းတုန်းမင်း၏ သောကမီး
မင်းတရားကြီးသည် စိတ်နှလုံးတော် ပူဆွေး နောက်ကျုတော်မူသည့်အတွက် ရာဇဂုရုဘွဲ့ရ မရ ဆရာတော်များကို နန်းတော် ဇေတ၀န်ဆောင်သို့ပင်၍ ဆွမ်းကျွေးခြင်းများ ပြုတော်မူလေသည်၊ စိတ်သောက အပူမီးငြိမ်းအေးရန် ´အေးတရားတော်` များကိုလည်း နာတော်မူ လိုပါကြောင်း လျှောက်လေသည်။
မင်းတုန်းမင်းကြီး နှင့် မိဖုရားများ၏ အပူမီး အေးစေလိုသောဆန္ဒဖြင့် တရားဟောရန် အေးယပ်တောင်ကို ဆရာတော်များထံသို့ ဆက်ကပ်လေသည်။
အေးတရားတော် ဟောကြားရန် ဆက်ကပ်သည့် အေးယပ်တောင်မှာ ဆရာတော်ကြီးများ အဆင့်ဆင့် လက်ကမ်းတော်မူကြသည်၊ ဗန်းမော်ဆရာတော်မှ ရွှေကျင်ဆရာတော် ထိုမှတဆင့် ဘုရားကြီးဆရာတော် တောင်တော်ဆရာတော် လှထွေဆရာတော် စသည်မှတဆင့် သင်္ဂဇာဆရာတော်ထံသို့ အေးယပ်တောင် လက်ကမ်းလာလေသည်၊ ဤသို့ဖြင့် ၇ ရက် တိုင်တိုင် အေးယပ်တောင် ဆက်ကပ်ခြင်းဖြင့် အေးတရားတော်ကို နာယူရသော မင်းတရားကြီး၏ စိတ်နှလုံးတော် ကြည်လင်ရွှင်ပျတော်မူခြင်း မရှိ နောက်ကျုမြဲ နောက်ကျုလျက်သာ နေရှာလေသည်။
ယင်းသို့ ရာဇဂုရုဘွဲ့တံဆိပ်တော်ရ မရ ဆရာတော်ကြီးများကို ပင့်ဆောင်၍ ဆွမ်းကျွေးပြီးလျှင် အေးတရားတော် နာယူပါသော်လည်း မင်းတရားကြီး စိတ်နှလုံးတော် ငြိမ်းအေးခြင်း မရှိသေးသဖြင့် ဆက်လက်၍ အေးယပ်တောင်ကို ဆရာတော်အသီးသီးထံသို့ ဆက်ကပ်ပြန်လေသည်။
ဦးပဏ္ဍ၀၏ ပညာစွမ်းရည်
နန်းတွင်း အရေးတော် ဖြစ်ပွားပြီးနောက် မင်းတုန်း မင်းတရားနှင့် မိဖုရား သားတော် သမီးတော်များ၏ သောကအပူမီးတို့ကို ဆရာတော်အသီးသီးတို့ တလှည့်စီ ဟောကြား၍ ဖြေဖျောက်တော်မူကြပါ၏၊ ငြိမ်းအေးရွှင်လန်းမူတို့မှာ မရရှာကြပါ။ တရား၏အရသာကို အံဝင်ဂွင်ကျ မဖြစ်ကြသေးပါ၊ `စကားအရာ သင်္ဂဇာ´ ဆိုသည့် နာမည်ထူးဖြင့် ၀ိစိတြ၀ါစက(ဆန်းကြယ်စွာ) ဟောကြား ပြောနိုင်စွမ်းရှိသဖြင့် နိုင်ငံတော်အ၀ှမ်းထင်ပေါ် ကျော်စောတော်မူသော သင်္ဂဇာဆရာတော်ကြီးအား နန်းတွင်းအရေး ပြေအေးငြိမ်းချမ်းမှုအတွက် ဟောပြောဆုံးမရန် တာဝန်လွှဲခြင်း ခံရပြန်လေသည်။
သင်္ဂဇာဆရာတော်သည် မိမိအား တာဝန်ပေးအပ်ချက်အရ တပည့်ရင်းဖြစ်သူ သင်္ဂဇာတိုက် စာချဘုန်းကြီး ဦးပဏ္ဍ၀အား ခေါ်ယူဆွေးနွေးလေသည်။
`မောင်ပဏ္ဍ၀ ငါနှင့်အတူ မင်းတရားကြီးအထံသို့ တရား ဟောရလိမ့်မယ်၊ ပြင်ဆင်ထားပါ`
`မှန်လှပါ မင်းတရားကြီးအထံ တပည့်တော်လိုက်၍ တရားဟောရပါလျှင် တပည့်တော်၏ သုံးသပ် လေ့လာချက်အတိုင်း ဟောလိုပါတယ်`
`မင်းအနေနဲ့ ဟောရမည့်တရားက ဘုရားရှင်၏ အဆုံးအမထဲကဘဲ မဟုတ်လား`
´ဘုရားအယူနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ တရားများ ဖြစ်ပါတယ်ဘုရား`
´အိမ်း - ဒီလိုဆိုလျှင် မင်းက ဘယ်လိုတရားများ ဟောမှာလဲ`
´တပည့်တော်ဟောလိုတဲ့တရားက ပထမအပါဒါန်တရားများနှင့် ဒုတိယအပါဒါန်တရားများ ဖြစ်ပါကြောင်းပါဘုရား၊ ပထမအပါဒါန်တရားဆိုတာက ဒုစရိုက် ၁၀ - ပါးနှင့် အဓမ္မိကဒါနတရား ၁၀ - ပါး ဖြစ်ပါကြောင်းပါ၊ ဒုတိယအပါဒါန်က ပုညကြိယာအပြား ၃၀ တို့ဖြစ်ပါကြောင်းပါ`
ထိုအခါ သင်္ဂဇာဆရာတော်ကြီးက အမိန့်ရှိသည်မှာ ´အိမ်း - မောင်ပဏ္ဍ၀ဟောကြားမည့် အပါဒါန်တရား နှစ်ပါးတွင် ပထမအပါဒါန်ကို လက်ခံနိုင်ဘွယ် ရှိသည်၊ ဒုတိယအပါဒါန်တရားတွေကိုတော့ ကြားရသူတိုင်း လက်ခံနိုင်လိမ့်မယ် မထင်ပေဘူး`
[ မှတ်ချက်။ ။ ဦးပဏ္ဍ၀ဟောကြားပြသသည့် အပါဒါန်တရားများကို ငှက်တွင်းဆရာတော်ကြီး ဖြစ်လာသည့် အခါ ရေးသားပြုစုသော ကျမ်းစာအုပ် အသီးသီးတွင် အကျယ်တ၀င့်ပါရှိပြီး ဖြစ်ပါသည်။ ]
သင်္ဂဇာ ဆရာတော်ကြီးသည် မိမိ တပည့် ဦးပဏ္ဍ၀အား နန်းတွင်းတရားပွဲတွင် ဟောကြားရန် တာဝန်ပေးအပ်မည်ဖြစ်ရာ ဦးပဏ္ဍ၀၏ ခံယူချက်တရားများကို မင်းတရားကြီး နှင့် မင်းပရိတ်သတ်တို လက်ခံကြိုက်ညီမည် မဟုတ်သဖြင့် သင်္ဂဇာဆရာတော်ကြီးသည်ပင် နန်းတွင်းသို့ ကြွရောက်လျက် ဟောမြဲဟောနေပေ၏။
နန်းတွင်းမှ ပြန်ကြွလာသော သင်္ဂဇာဆရာတော်သည် သင်္ဂဇာတိုက်အတွင်း ဦးပဏ္ဍ၀ သင်္ကန်းပရိက္ခာပြင်လျက် နေသည်ကို တွေ့ရလေသည်။
ထိုအခါ ဆရာတော်ကြီးက -
`မောင်ပဏ္ဍ၀ မင်းဘာလုပ်နေတာလဲ ´ မေးတော်မူသည်။
´အနောက်ဘက် မင်းဝံတောင်ဆရာတော် ဦးကောဏ္ဍညထံ ပြောင်းရွှေ့ ဘို့ရာ ပြင်ဆင်နေပါကြောင်း´ လျှောက်ထားလေသည်။
´မောင်ပဏ္ဍ၀ - မင်းဝံတောင် မောင်ကောဏ္ဍညထံမှာ မသွားနဲ့အုံး ၊ နန်းတွင်းလိုက်ပြီး တရားဟောရလိမ့်မယ်`
´မှန်ပါ.... တပည့်တော် ဟောရမည်ဆိုလျှင် ဘုရားသားတော် ပီသစွာ ဘုရားစကားကိုသာ ဟောပါ့မယ်` ဟု ၀န်ခံလိုက်လေသည်။
ပညာဒီပ က၀ိဓဇ ဒိသာပါမောက္ခ တိပိဋကာလင်္ကရ
ထိုနေ့ကား နန်းတော်သို့ကြွလာရာ၌ လေးပြင်လေးရပ်မှ ဆရာတော်ကြီးများနှင့် သံဃာတော်များ ပါလေသည်။
လွန်ခဲ့သောရက်များမှ ဆရာတော်အသီးသီးတို့သည် အေးတရားတော်ကို ဟောကြားတော်မူကြသော်လည်း မင်းတရားကြီးအဖို့ ပူဆွေးတသနေသော သောကမီးကို ငြိမ်းအေးခြင်းငှာ မရရှာ၊ အေးယပ်တောင်ကို သင်္ဂဇာဆရာတော် အထံသို့ မင်းတရားကြီး ကိုယ်တိုင် ဆက်ကပ်လိုက်လေသည်၊ မင်းတရားကြီး၏ အပူမီးကို မိမိသင်္ဂဇာ ကိုယ်တိုင် ဟောပါသော်လည်း ပြေငြိမ်းမည် ဟု ထင်တော်မမူရကား ယနေ့တွင် မိမိနှင့်အတူ ပါလာသော တပည့် ဦးပဏ္ဍ၀ ဟောကြားလျှင်မင်းတရားကြီး ကျေနပ် သဘောကျမည် ဟု ယူဆလေသည်။
ထို့ကြောင့် အေးယပ်တောင်ကို တပည့် ဦးပဏ္ဍ၀အား ပေးအပ်လိုက်လေသည်။
ထိုအချိန်က ဦးပဏ္ဍ၀သည် သိက္ခာ ၁၅ - ၀ါသာရှိပေသေးသည်၊ မင်းယင်ပြင်၌ရှိသော ဆရာတော်ကြီးများမှာ အကျော်အမော် တိုက်ဦးစီး ထိပ်သီး တံဆိပ်တော်ရချည်း ဖြစ်သည်။ မင်းတရားကြီး နှင့် မင်း မိဖုရား မှူးမတ်များလည်း စုံညီလှသည်၊ ဆရာတော် သံဃာတော်များလည်း စုညီသည်။
ဆရာတော်များနှင့် မင်းပရိသတ်တို့ ရှေ့မှောက်၌ ဦးပဏ္ဍ၀သည် အေးယပ်တောင် လက်ခံယူပြီးလျှင် အတောင် ၃၀ - မြင့်သော ဓမ္မာသနပလ္လင်တော်ထက်သို့ တက်ရောက်၍ ´အေးတရား` ကို ဟောကြားတော်မူလေသည်။
စုံညီသည့် မင်းပရိသတ် သံဃာတော် ပရိသတ်တို့ ရှေ့မှောက်တွင် ဦးပဏ္ဍ၀သည် ရဲရင့် ပြတ်သားစွာ (သီဟနာဒ) တရားများကို ဟောကြားလေသည်။
ဦးပဏ္ဍ၀ ဟောကြားသည့်အချက်မှာ -
´အနုပ္ပါဒေါ နိဗ္ဗာနံ၊ ဥပ္ပါဒေါ သင်္ခတံ`
တေဘုမ္မက လောကီအပါဒါန် တရားယူသမျှ ဆင်းရဲတတ်၍ အပူသောကကို အားပေးနိုင်ကြောင်း၊ ပါရမီ ´မင်္ဂလာစတုဘုမ္မိကမဂ္ဂင်` တရားကသာ အပူငြိမ်းအေးစေနိုင်ကြောင်း စသော အချက်များပင် ဖြစ်လေသည်။
ဦးပဏ္ဍ၀ တရားဟောပလ္လင်ထက်မှ ဆင်းကြွလေသည်။
ဆရာတော်ကြီးများက -
´မောင်ပဏ္ဍ၀ ဟောတဲ့တရားတွေက မှန်ကန်လွန်း နေတယ်၊ မှန်ကန်လွန်းလို့ ခုခေတ်(ဒါနယုဂ သီလယုဂ ခေတ်မျိုး) လို အချိန်မှာ လိုက်နာနိုင်ကြမယ် မဟုတ်ပေဘူး`
´မှန်ပါ့ - ၀ိမုတ္တိယုဂ ခေတ်မျိုးနဲ့ တွေ့ကြုံပါလိမ့်မယ်၊ ထိုအခါမှ ၀ိမုတ္တိရသ၊ အစစ်အမှန် အတ္တ ပရ နှစ်ဝသောအကျိုးအတွက် ဆောင်ရွက်ပါ့မယ်ဘုးရား`
[ ဦးပဏ္ဍ၀၏ ဟောကြားချက်များကို အကျယ် ဖော်ပြရန် မလိုပါ၊ ငှက်တွင်း ဆရာတော်အဖြစ် ထင်ရှားလာပြီးနောက် ဆရာတော်၏ ကျမ်းစာများ ကို ကြည့်ရှု လေ့လာနိုင်ပါသည်။ ]
မင်းတုန်း မင်းတရားကြီးနှင့် တကွ မင်းပရိသတ်တို့၏ သောက အပူငြိမ်းအေးကြ၏၊ နေ့စဉ် အပူမီး တောက်လောင်ခြင်းမှလည်း ကင်းဝေးကြလေသည်။
ထိုအချိန်မှစ၍ မင်းတရားကြီးနှင့် မင်း မိဖုရား မှူးမတ် များက ဦးပဏ္ဍ၀ အပေါ်၌ ကြည်ညိုကြလေသည်၊ မင်းတရားကြီး ကြည်ညိုတော် မူသည့်အလျောက် ဦးပဏ္ဍ၀အား ဆက်လက်၍ တရား ဟောတော်မူစေသည်၊ ဦးပဏ္ဍ၀ကလည်း နန်းတော်သို့ ကြွ၍ ကြွ၍ တရားဟောလေသည်။
ရက်ကြာမြင့်စွာ ဦးပဏ္ဍ၀၏တရားကို နာကြားရသော မင်းတရားကြီးနှင့်တကွ မင်းပရိသတ်တို့အားလုံး ဆရာတော် ဦးပဏ္ဍ၀၏ ဟောနည်းပြကွက်များ ဖြစ်သည့် ´ဒွတ္တိံသာကာရ` ကမ္မဋ္ဌာန်းကိုလည်း ကျနစွာ သင်ကြားနာယူကြလေသည်။
မင်းတရားကြီးသည် ဦးပဏ္ဍ၀အား ကြည်ညိုခြင်း သဒ္ဓါတရား တနေ့တခြား တိုးပွားလျက် ပစ္စည်း ၄ -ပါး ဒါယကာအဖြစ်လည်း ခံယူလေသည်။
မင်းတရားကြီး၏ သားတော် သမီးတော်များအနက် အကြီးဆုံး သမီးတော် ထိပ်စုကြီး မင်းသမီးကလည်း ဦးပဏ္ဍ၀၏ ပစ္စည်းလေးပါး ဒါယိကာမအဖြစ် ခံယူလေသည်။
မင်းတရားကြီးသည် ဦးပဏ္ဍ၀အား လွန်စွာ ကြည်ညိုတော် မူလှသဖြင့်
´ပညာဒီပ က၀ိဓဇ ဒိသာပါမောက္ခ တိပိဋကာလင်္ကာရ` ဟူသော ကြီးကျယ်လှသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်သည်ဟု အစဉ်အလာစကားရှိလေသည်။
မင်းဝန်တောင်တန်း ချောင်းခမ်းသွယ်သွယ်
သက္ကရာဇ် ၁၂၂၉ ခုနှစ် တန်ဆောင်မုန်းလ။
ထိုလတွင် မင်းဝံတောင်တန်းသည် စိမ်းလန်းစိုပြေလျက် ရှိသည်၊ သက်တော် ၃၆ နှစ် သိက္ခာ ၁၆ ၀ါရသော စာချဆရာတော် ဦးပဏ္ဍ၀သည် မန္တလေးရွှေမြို့တော် သင်္ဂဇာကျောင်းတိုက်တွင် ပရိယတ် စာပေတာဝန်ကို ထမ်းဆောင်လျက် ရှိလေသည်။
စာချဆရာတော် ဦးပဏ္ဍ၀သည် နိက္ခမဓာတ် ရင့်သန်လာသည့်အတိုင်း တောတောင်သို့ ခိုဝင်လိုသော ဆန္ဒ ဖြစ်ပေါ် နေလေသည်၊ မန္တလေး အနောက်ဘက်ရှိ စစ်ကိုင်းမင်းဝံတောင်တန်းသို့ သွားရောက် ခိုလှုံလျှက် ၀ိပဿနာငန်းများကို အားထုတ်လိုသော စိတ်လည်း ပြင်းပြ နေလေသည်။
သို့ဖြင့် စာချခြင်း စသော ပလိဗောဓများကို စွန့်လွှတ်၍ အဖေါ်မမှီး တကိုယ်တည်း တောထွက် လိုသဖြင့် မိမိ ဆရာတဆူ ဖြစ်တော် မူသော သင်္ဂဇာ ဆရာတော်ကြီးအား တောထွက်ရန် ခွင့်ပန်လျှောက်ထားလေသည်။
ခွင့်ရသည်နှင့်တပြိုင်နက် ဦးပဏ္ဍ၀သည် ပရိက္ခရာ - ၈ပါး ကို ယူဆောင်လျက် မန္တလေးမြို့တော် အနောက်ဘက် မင်းဝံတောင်တန်းသို့ ထွက်ခွာ ကြွတော်မူလေသည်။
အတိတ် တဘောင်နှင့်
ဦးပဏ္ဍ၀သည် မင်းဝံတောင်သို့ မရောက်မီ အချိန်က-
´မမလေးရယ်တဲ့ ပန်းစရာ၊
ရွှေမင်းဝံ တောင်ပေါ်ရိုးဆီက၊
ပန်းချိုးခဲ့ပါ။
ပန်းမာလာ၊
အညှာမှာ မြရည်လူးတယ်
ပန်ဝံ့ပါဘူး`
ဟူသော ငှက်တွင်းဆရာတော်ကြီး ဖြစ်ပေါ်လာမည့် အတိတ် တဘောင်ဟု ဆိုနိုင်လေသည်။
ရွှေမင်းဝံတောင်တန်းတွင် ပန်းပွင့်များချိုး၍ ခူး၍ ပန်ဆင်လိုသော်လည်း ပန်းအညှာ မြရည်လူးနေသည်၊ ပန်းကိုတော့ ပန်ဝံ့ပါဘူးဟု အဓိပ္ပာယ် ဖြစ်၏။
ပန်းအညှာ မြရည်သွေးကဲ့သို့ အနှစ်အရသာ ရှိသော အာဇီဝဋ္ဌမက စတုဘုမ္မိကမဂ္ဂင် တည်းဟူသော ပန်းကို လူတိုင်း ပန်ဆင်ရန် မ၀ံ့ကြဟူ၍လည်း ဆိုရပေလိမ့်မည်။
ထိုပြင် - ´ပန်ပါတဲ့ ပန်ပါ
ရွှေမင်းဝံ တော်တော်ရိုးဆီက၊
ပန်းချိုးခဲ့ပါ။
အပွင့်က၀ါ၊
အညှာမှာ ရွှေရည်လူး၊
ပန်ဝံ့ပါဘူး`
ဟူ၍လည်း ငှတ်တွင်းဆရာတော်၏အဖို့ ဖြစ်ပေါ်လာသည်၊ ယင်း၏အဓိပ္ပာယ်ကို အထက်ပါအတိုင်း ဖွင့်ဆိုကြရပေမည်။
တခုသော မင်းဝံတောင်တန်း၏ ခါးပန်းတွင် ပဇင်းထိုးငှက်များ အပျော်ကျူး၍ ဘာသာဘာဝအလျောက် တွင်းတူးကြလေသည်။
ဦးပဏ္ဍ၀သည် ပဇင်းထိုးငှက်များ တွင်းတူးထားရာ တွင်းဟောင်း၌ ဂူပြုလုပ်လေသည်၊ ငှက်များတူး၍ ထွင်းထားသည့် လိုဏ်ဂူတွင် ဦးပဏ္ဍ၀ နေလေသည်၊ တောင်တန်းတောင်ကွေ့ လူမတွေ့ရာ ဌာနလည်း ဖြစ်ပေသည်၊ ဆိတ်ငြိမ် လှ၏၊ သာယာအေးချမ်းလှ၏၊ ထို ငှက်ထွင်းသည့် နေရာကိုပင် ကျောင်းအဖြစ် သီတင်းသုံးလျက် တရားအားထုတ်နေလေသည်။
ဦးပဏ္ဍ၀ အားထုတ်သော တရားမှာ သတိပဋ္ဌာန်ပါဠိတော်လာ အရဖြစ်သည်၊ သတိကို အခိုင်အမာချုပ်ကိုင်သည်၊ သတိဖြင့် ဒွတ္တိံသာကာရ ( ၃၂ - ကောဋ္ဌာသ ) ကမ္မဋ္ဌာန်း အားရုံများကို သိမ်းကျုံးယူသည်၊ ပညာဖြင့် ( ဖြစ် - ပျက် ) ဖြစ်နေရခြင်း ပျက်နေရခြင်းများကို ဆင်ခြင်သုံးသပ်သည်။
သတိပဋ္ဌာန်ပါဠိတော် အရ ကိုယ်တိုင်ကျင့်၍ ကိုယ်တိုင် သိလာသည်၊
ဦးပဏ္ဍ၀အဖို့ -
ဆင်ကြီးဝမ်းသို့ ၀င်ခဲ့ပြီ၊
ဆင်ငယ်ဝမ်းသို့ ၀င်ခဲ့ပြီ၊
ဟင်းစော်နံလို့ အံခဲ့ရပြီ။
သတိပဋ္ဌာန် ကျင့်နည်းများကို ရှေးဦးစွာ ဖောက်ထုတ်နိုင်သည် ဖြစ်၍လည်း ´သတိပဋ္ဌာန်အစ ငှက်တွင်းက` ဟု ဆိုစမှတ် ရှိခဲ့လေသည်။
ထိုအချိန်မှစ၍ ဌာနဖြစ်သော ငှက်ထွင်းချောင် အမည်ကို ဌာနီ၌ တင်စား၍ ဦးပဏ္ဍ၀ မည်သော မထေရ်ကိုပင် ´ငှက်ထွင်းဆရာတော်` ဟူ၍ ခေါ်ကြလေသည်။ နောင်တွင် ´ငှက်ထွင်း` အမည်ပျောက်၍ ´ငှက်တွင်း` ဟု ဖြစ်လာပေသည်။
ကျေးဖူးတော်ရှင် လယ်တီဆရာတော်ကြီးအား ဌာနဖြစ်သော လယ်လီကျောင်းတိုက်၏ အမည်ဖြင့် လယ်လီဆရာတော်၊ ရွှေကျင်ဆရာတော်ကြီး ဦးဇာဂရအား ဌာနရွှေကျင်ရွာ၏ အမည်ဖြင့် ရွှေကျင်ဆရာတော် -
ဘိုးတော် မင်းတရားလက်ထက် အရှင်ဥာဏာဘိဝံသ မည်သော သာသနာပိုင် ဆရာတော်အား ဖွားရာဇာတိ မောင်းထောင်ရွာအမည်ဖြင့် မောင်းထောင်ဆရာတော် စသည့် အမည်တော်များကဲ့သို့ ဖြစ်သည်။
မင်းတုန်းမင်း၏မိဖုရား ကြေးမြှင့်မြို့စားနှင့် မင်းတုန်း မင်းတရားကြီး၏ သမီးတော် ထိပ်စုကြီး မင်းသမီးတို့မှာ ငှက်တွင်းချောင် ကျောင်းအမကြီးများ ဖြစ်သည်။
ဆရာတော်ဦးပဏ္ဍ၀မှာ ရွှေမင်းဝံတောင် ငှက်တွင်းချောင်တွင် ၁၅ - နှစ်ကြာမျှ သီတင်း သုံးခဲ့လေသည်။
ဆရာတော်သည် မင်းဝံတောင်တွင် ၁၅ - နှစ်ကြာသော အခါ စစ်ကိုင်းတောင်သို့ ရွှေ့ပြောင်းပြန်လေသည်၊ စစ်ကိုင်းတောင်တွင် အဘယာရာမပြန့်ကြီးချောင်ဟု ချောင်သစ် တည်လေသည်၊ ယင်းပြန့်ကြီးချောင်တွင် ပုဂံခေတ် ကျစွာမင်းတည်ခဲ့ရာ လိုဏ်ဂူကြီးတခု ရှိလေသည်၊ ယခုတိုင် မပျက်စီးသေး။