၁။ ကောဋ္ဌာသအစု ရုပ်ဓာတ်ရှု၍ သိမှုအစားစား နာမ်တရားဟု နာမ်ရုပ်နှစ်ပါး ပိုင်းခြားထင်ထင် သိမြင်ခြင်းသည် နာမရှုပပရိစ္ဆေဒဉာဏ်။
၂။ ကောဋ္ဌာသ အစားစား ရုပ်တရားနှင့် သိမှုအစားစား နာမ်တရားတို့သည် အ၀ိဇ္ဇာ တဏှာ ကံစသော အကြောင်းများကြောင့် အဟောင်းကုန်ပျက် အသစ်ထွက်နေ၏ဟု အကြောင်းကိုပယ်ဖြတ် သိမ်းဆည်း၍ သိမြင်သောဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ်။
၃။ ကောဋ္ဌာသ အစားအစား ရုပ်တရားနှင့် သိမှုကျယ်ပွား နာမ်တရားတို့၌ ကုန်ခန်းတတ်သောကြောင့် အနိစ္စ၊
နှိပ်စက်တတ်သောကြောင့် ဒုက္ခ၊ အစိုးမရသောကြောင့် အနတ္တဟု သုံးသပ်ဆင်ခြင် အမှန်မြင်နေခြင်းသည် သမ္မသနဉာဏ်။
၎။ ကောဋ္ဌာသအစားအစား ရုပ်တရားနှင့် သိမှုအစားစား နာမ်တရားတို့သည် ဖြစ်ပြီးသည့်နောက် ပျက်ခြင်းသို့ ရောက်၏။ဖြစ်-ပျက် နှစ်တန်အမှန်မြင် နေခြင်းသည် ဥဒယဗ္ဗယဉာဏ်။
၅။ ရုပ်ဓာတ်လေးပါး ကောဋ္ဌာသအစားစား၊ နာမ်ဓာတ်လေးပါး စိတ်တရားတို့သည် အဖြစ်ကနဲ အပျက်ကသဲသည် ဟု အပျက်ကိုသာလျှင် အမှန်မြင်နေခြင်းသည် ဘင်္ဂဉာဏ်။
၆။ ပျက်မှုလွန်ကဲ၍ ပျက်မှုသာတည်နားနေသော ရုပ်တရားနာမ်တရားတို့သည် ကြောက်ဖွယ်လိလိ
ဘေးမျိုးစုံရှိသည်ဟုအသိမှန်ဖြင့် အတန်တန်ရှုနေမှုသည် ဘယဉာဏ်။
၇။ ကြောက်ဖွယ်လိလိ ဘေးမျိုးစုံရှိတဲ့ ရုပ်နာမ်နှစ်ပါးတို့သည် အပြစ်တွေအနန္တ ရေတွက်၍ မပြနိုင်အောင် ပေါများလှသည်ကိုပင် အမှန်မြင်သိ၍ နေခြင်းသည် အာဒီန၀ဉာဏ်။
၈။ အပြစ်တွေများ ရုပ်နာမ်နှစ်ပါးတို့က အားထားခြင်းကင်း ငြီးငွေ့ခြင်းသာ အခါခါဖြစ်ပေါ် သိမြင်နေမှုသည် နိဗ္ဗိန္ဒဉာဏ်။
၉။ ၀ဋ်ဘုံဓလေ့ မပျော်မွေ့နိုင်ဘဲ ငြီးငွေ့ခြင်း အစားစားရုပ်နာမ်တရားတို့မှ လွတ်အောင်၊ ကျွတ်အောင် လွတ်ချင်နေမှု အမှန်ရှုနေခြင်းသည် မုဉ္စိတုကမျတာဉာဏ်။
၁၀။ လွတ်ချင်ကျွတ်ချင်သည့်အတွက် ရုပ်နာမ်တွေ ပေါ်ထွက်တိုင်း ပေါ်ထွက်တိုင်း အချိန်မလပ် တဖန်ထပ်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သုံးသပ် ဆင်ခြင်နေမှုသည် ပဋိသင်္ခါဉာဏ်။
၁၁။ ရုပ်-နာမ် အစားစား အကျိုးတရားတို့ကို ကျယ်ပွားအောင် ပြုပြင်စီရင်တတ်သော အကြောင်းတရားသုံးပါး၊ အကျိုးသင်္ခါရတရား၊အကြောင်း-အကျိုးသင်္ခါရတရားတို့ကို မချစ်မမုန်း လျစ်လျူသုံး၍ လုံးလုံးပယ်ခွါ အနိစ္စသာ၊ ဒုက္ခသာ၊ အနတ္တသာဟု အခါခါရှု၍နေခြင်းသည် သင်္ခါရုပေက္ခာဉာဏ်။
၁၂။ သင်္ခါရအစုကို အနိစ္စဟု၊ ဒုက္ခဟု၊ အနတ္တဟု အထပ်ထပ်ရှုဖန်များသဖြင့် (အောက်၌ဖြစ်သော ၀ိဿနာဉာဏ် ၉-ပါးတို့အား၎င်း၊အထက်၌၃၇ပါးသောဗောဓိပက္ခိယတရားတို့နှင့်လျော်သောမဂ်ဖြစ်နေခြင်းသည်) ဗောဓိပက္ခိယတရား
မဂ်ဖိုလ်ဉာဏ်အားလျော်စွာ မလိုချင်သော အလောဘ၊ မခက်ထန်သော အဒေါသ၊ မတွေဝေသော အမောဟ သုံးဌာနတည်နား ကြီးမားသောဉာဏ် အမြင်သန်နေမှုသည် အနုလောမဉာဏ် အားဖြင့် အနုလောမဉာဏ်။
၁၃။ အလောဘကြောင့် ရာဂက္ခယနိဗ္ဗာန်၊ အဒေါသကြောင့် ဒေါသက္ခယနိဗ္ဗာန်၊ အမောဟကြောင့် မောဟက္ခယနိဗ္ဗာန်
သန်သန်ကြီးမြင်၍ ပုထုဇဉ်စရိုက် ပုထုဇဉ်လိုက်စားတဲ့ ဒုစရိုက်တရားတို့ကို ပယ်ရှားရှောင်ကြဉ်ပြီး သုစရိုက်အစားစား သိက္ခာတင်ထားခြင်းသည် ဂေါတြဘူဉာဏ်။
၁၄။ ဂေါတြဘူတိုင်ဖျား ရပ်တန့်နားလျက် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာကို ပယ်စွန့်နိုင်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း မဂ္ဂသစ္စာကို ပွားများစေခြင်းအားဖြင့် သဘာဝအလျောက် ထွင့်ဖောက်ထိုးထွင်း၍ မြင်ခြင်းသည် သောတာပတ္တိမဂ်ဉာဏ်။
၁၅။ သစ္စာလေးအင် သဘောမြင်၍ ကြည်လင်ခြင်းအဖြာဖြာ ကိုယ်-စိတ်ချမ်းသာ ဖြစ်ပေါ်လာခြင်းသည် သောတာပတ္တိဖိုလ်ဉာဏ်။
၁၆။ ကိုယ်-စိတ်နှစ်ဖြာ ကြည်လင်ချမ်းသာ၍ ငါသည် မဂ်ကိုရပြီ၊ ဖိုလ်ကိုရပြီ၊ နိဗ္ဗာန်ကိုရပြီဟု ဆင်ခြင်စဉ်းစားခြင်း၊ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာနှစ်ရပ် ပယ်ကြဉ်ဖြတ်နိုင်ပြီးနောက် ပယ်ဖြတ်ဖို့ရာ ကိလေသာရှစ်မျိုးသာ ကျန်တော့သည်ဟု ဆင်ခြင်စဉ်းစားမှုများသည် ပစ္စဝေက္ခဏာဉာဏ်။
မှတ်ချက်။ အဆင့်အတန်းနှင့် လုပ်ငန်းအားလျော်စွာ ဆက်ကာဆက်ကာ အားထုတ်ကြပါမူ ပဌမဝေါဒါန် သကဒါဂါမိမဂ်ဉာဏ်-ဖိုလ်ဉာဏ်၊ ဒုတိယဝေါဒါန် အနာဂါမိမဂ်ဉာဏ်-ဖိုလ်ဉာဏ်၊ တတိယဝေါဒါန် အရဟတ္တမဂ်ဉာဏ်-ဖိုလ်ဉာဏ်တို့သည် ပုဂ္ဂိုလ်အားလျော်စွာ ဖြစ်ပေါ်လာ ကြကုန်၏။ ။
မှတ်သားဖွယ်ရာ ၁၆-ဆင့်ဉာဏ် ဆောင်ပုဒ်လင်္ကာများ
၁။ ရုပ်နာမ်မျှသာ၊ ရှိသည်တာဟု၊ မြင်နိုင်မှု၊ မှတ်ရှု နာမရှုပ-ပရိစ္ဆေဒဉာဏ်။
၂။ အကြောင်းနှင့်တကွ၊ သိမ်းဆည်းက၊ ပစ္စယ-ပရိဂ္ဂဟဉာဏ်။
၃။ လက္ခဏာသုံးတန်၊ မြင်တုံပြန်၊ သမ္မသနဉာဏ်။
၎။ ဖြစ်-ပျက်နှစ်တန်၊ မြင်တုံပြန်၊ ဥဒယဗ္ဗယဉာဏ်။
၅။ အပျက်ချည်းမှန်၊ အမြင်သန်၊ မှတ်ရန် ဘင်္ဂဉာဏ်။
၆။ ကြောက်ဖွယ်ဟုပင်၊ တိုး၍မြင်၊ ခေါ်တွင် ဘယဉာဏ်။
၇။ အပြစ်မြင်ပြန်၊ အမြင်သန်၊ မှတ်ရန် အာဒီန၀ဉာဏ်။
၈။ ငြီးငွေ့လေလျှင်၊ ထိုအခါတွင်၊ ခေါ်တွင် နိဗ္ဗိန္ဒဉာဏ်။
၉။ လွှတ်လိုသောခါ၊ ထိုဉာဏ်မှာ၊ ခေါ်ရာ မုဉ္စိတုကမျတာဉာဏ်။
၁၀။ ထပ်၍တဖန်၊ ဆင်ခြင်ပြန်၊ ခေါ်ရန် ပဋိသင်္ခါဉာဏ်။
၁၁။ သင်္ခါရမှု၊ လျစ်လျူရှု၊ ခေါ်မှု သင်္ခါရုပေက္ခာဉာဏ်။
၁၂။ ၀ိပဿနာဉာဏ်၊ လျော်အောင်ဖန်၊ ခေါ်ရန် အနုလောမဉာဏ်။
၁၃။ ပုထုနွယ်ဖြတ်၊ အရိယာကပ်၊ ခေါ်လတ် ဂေါတြဘူဉာဏ်။
၁၄။ သစ္စာလေးအင်၊ သဘောမြင်၊ ခေါ်တွင် မဂ်ဉာဏ် သာ။
၁၅။ သစ္စာလေးအင်၊ လွန်ကြည်လင်၊ ခေါ်တွင် ဖိုလ်ဉာဏ် သာ။
၁၆။ ဆိုင်ရာကိစ္စ၊ ဆင်ခြင်ရ၊ ပစ္စဝေက္ခဏာဉာဏ်။
Ref: နံယောဆရာတော်(ဒွတ္တိံသာလောကဒီပနီကျမ်း)၊ ဆုထူးပန်ဆရာတော်(ကျောင်းထိုင်ဘုန်းကြီးရေးရာပဒေသာ)နှင့် ငှက်တွင်း အရှင်ပညာဝံသ (စတုဘူမိက)။