သမထယာနိက ဆိုတာ သမထကို ယာဉ်သဖွယ် အသုံးပြုပြီးတော့ မဂ်ဖိုလ်ရအောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ကို သမထယာနိကလို့ခေါ်တယ်။ သူက ပထမ သမထအားထုတ်တယ်၊ အားထုတ်ပြီးတော့ တွေ့တဲ့ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုတဲ့ သမာဓိတွေရတယ်၊ ဈာန်ရတယ်ပေါ့။ ရပြီးတဲ့နောက်မှ ဈာန်ဝင်စားတယ်၊ ဈာန်ဝင်စားရာကနေ ဈာန်ကထပြီးတော့ ဒီဈာန်ကိုပဲပြန်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုမယ်၊ သို့မဟုတ် တခြားတေဘူမကသင်္ခါရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုပြီးတော့ မဂ်ဖိုလ်ဆိုက်သွားတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို သမထယာနိကလို့ ခေါ်တယ်။
ဝိပဿနာယာနိက ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲသလို ဈာန်ရအောင် အားမထုတ်တော့ဘူး၊ စစချင်း ၀ိပဿနာပဲအားထုတ်တယ်၊ အဲဒီလို ၀ိပဿနာအားထုတ်လို့ တော်တော်လေး အသားကျတဲ့အခါကျတော့ သမာဓိရတယ်၊ အဲဒီသမာဓိကိုပဲ သမထလို့ခေါ်နိုင်တယ်၊ ဒါဟာ သမထကမ္မဋ္ဌာန်းပြောတာ မဟုတ်ဘူး၊ သမာဓိကိုပဲပြောတာ။
အဲဒီဝိပဿနာ သမာဓိက ဘာသမာဓိလဲဆိုရင် ခဏိကသမာဓိလို့ခေါ်တယ်၊ တစ်ခဏမျှတည်တဲ့ သမာဓိ၊ အဲဒီသမာဓိ ရပြီးတော့ အဲဒီသမာဓိကနေပဲ ၀ိဿနာ ဉာဏ်အဆင့်ဆင့် တက်ပြီးတော့ မဂ်ဖိုလ်ရတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို ၀ိပဿနာယာနိကလို့ခေါ်တယ်။
အဲဒီတော့ မြတ်စွာဘုရား အလိုတော်ကဘာလဲဆိုရင် သမထဟာ ၀ိပဿနာရဲ့ အခြခံဖြစ်စေရမယ်ပေါ့၊ သမထသက်သက်က နိဗ္ဗာန်ကို ရောက်အောင် မပို့နိုင်ဘူး၊ သမထသက်သက်ရပြီး နောင်အခါမှာ သမထက ပြန်လျောကျပြီး ပရမ်းပတာဖြစ်တာတွေ ၀တ္ထုကြောင်းတွေရှိတယ်။
ဒါကြောင့်မို့ သမထကမ္မဋ္ဌာန်းဟာ အားမထုတ်ကောင်းတဲ့ ကမ္မဋ္ဌာန်းတော့ မဟုတ်ဘူး၊ သို့သော် သမထကမ္မဋ္ဌာန်း သက်သက်ကိုသာ အားထုတ်ပြီး ကျေနပ်နေဖို့ မဟုတ်ဘူး၊ သမထအားထုတ်ပြီးလည်း ၀ိပဿနာကို သွားရမယ်၊ အဲဒါ သမထဟာ ၀ိပဿနာရဲ့ အခြေခံဖြစ်မှသာ မြတ်စွာဘုရား အလိုတော်ကျမယ်၊ သမထသက်သက်ပဲ အားထုတ်ပြီး ကျေနပ်နေမယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။ ။
Ref: အဘိဓမ္မာသင်တန်း ( အရှင်သီလာနန္ဒာဘိဝံသ )