ရဟန်းတို့ မပြုပြင်အပ်သော အသင်္ခတတရားကိုလည်းကောင်း၊ မပြုပြင်အပ်သော အသင်္ခတတရားသို့ ရောက်ကြောင်း လမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ယောဂီတို့ မပြုပြင်အပ်သော အသင်္ခတတရားဟူသည် အဘယ်နည်း ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန် နိဗ္ဗာန် ပင်တည်း။ ယောဂီတို့ ဤသည်ကို မပြုပြင်အပ်သော အသင်္ခတတရားဟု ဆိုရ၏။ ယောဂီတို့ မပြုပြင်အပ်သော အသင်္ခတတရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရုပ်အပေါင်း ကာယ၌ ရုပ်အပေါင်းကာယဟု အောက်မေ့ခြင်းမှု ကာယဂတာသတိ ပင်တည်း။ ယောဂီတို့ ဤသို့လျှင် ငါဘုရားသည် သင်တို့အား မပြုပြင်အပ်သော အသင်္ခတတရားကို ဟောခဲ့ပြီ၊ မပြုပြင်အပ်သော အသင်္ခတ တရားသို့ရောက်ကြောင်း လမ်းကိုလည်း ဟောခဲ့ပြီ။ ယောဂီတို့ တပည့်တို့၏ စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါပြုပြီးပြီ၊ ယောဂီတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ ကျောင်းတို့တည်း၊ ယောဂီတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့မလော့ ကုန်လင့်၊ နောက်မှ နောင်တရသူတို့ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါဘုရား၏ အဆုံးအမတည်း ဟု မိန့်တော်မူ၏။
ယောဂီသည် ခြေဖ၀ါးမှအထက်၊ ဆံဖျားမှအောက်၊ ထက်ဝန်းကျင် အရေးပါး အဆုံးရှိသော မစင်ကြယ်သည့် အရာ အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် "ဤရူပကာယ ခန္ဓာကိုယ်၌-
ဆံပင် မွေးညင်း ခြေသည်းလက်သည်း သွား အရေထူအရေပါး၊
အသား အကြော အရိုး ရိုးတွင်းချဉ်ဆီ အညှို့၊
နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊
အူမ အူသိမ် အစာသစ် အစာဟောင်း (ဦးနှောက်)၊
သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊
မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်သည် ရှိ၏" ဟု စူးစိုက် ဆင်ခြင်၏။ ဤသို့ မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လ ရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ် ရှိလျက်နေသော ထိုယောဂီအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည် အောက်မေ့ခြင်း ၀ိတက်တို့သည် ပျောက်ကင်းကုန်၏။ ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ယောဂီသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိကို ပွားများ၏။
မှတ်ချက်။ ။ ၀ိဘင်းအဘိဓမ္မာပါဠိတော် ဓာတုဝိဘင်း၊ သတိပဋ္ဌာန၀ိဘင်းတို့၌ ပထ၀ီဓာတ် ၁၉-ခုသာ ပြထားသည်။ အဋ္ဌကထာ ဆရာကမူ- မတ္ထလုင်္ဂံကို ပဠိတော်များ၌ ထည့်ပေးရမည်ဟု ဆိုထားခဲ့သည်၊ ပဋိသမ္ဘိဒါမဂ် စာမျက်နှာ ၈-၌ မတ္ထလုင်္ဂံကို ဟောခဲ့သည်၊ ထို့ကြောင့် မတ္ထလုင်္ဂံပဉ္စက ဟောရာ၌ ပဋိသမ္ဘိဒါမဂ်မှ ယူ၍ ထည့်ပေးရမည်ဟု မှာထားခဲ့သည်(သမ္မောဟ၀ိနောဒနီ၊ဋ္ဌ၊နှာ-၂၁၄၊ ရှေးဆရာတော်ကြီးများမူ၌ မတ္ထလုင်္ဂံ ဟုတွေ့ရသည်)။ ၀ိဘင်းမူလဋီကာ အရှင်အာနန္ဒာမထေရ်ကမူ- အဋ္ဌိမိဉ္ဇပုဒ်၌ မတ္ထလုင်္ဂံကို သွင်းယူထားပြီးဖြစ်သောကြောင့် အဇ္ဈတ္တ ပထ၀ီဓာတ်ကို ၁၉-ခုသာ ပြရခြင်း ဖြစ်သည်ဟု(၀ိဘင်းမူလဋီကာ၊နှာ-၄၂ ၌) ဆိုထားပါသည်။
ရဟန်းတို့ ကိုယ်အစုကို အာရုံပြုသော သတိကို အဖန်ဖန် မှီဝဲအပ်သော် ပွားများ လေ့လာအပ်သော် ယာဉ်ကဲ့သို့ ပြုအပ်သော် တည်ရာကဲ့သို့ ပြုအပ်သော် အဖန်ဖန် ဖြစ်စေအပ်သော် လေ့ကျက်အပ်သော် ကောင်းစွာ အားထုတ်အပ်သော် အာနိသင် ၁၀-ပါးတို့သည် မချွတ်ဖြစ်ကုန် လတ္တံ့။
၁။ မမွေ့လျော်ခြင်းကို သည်းခံနိုင်၏၊ ထိုမမွေ့လျော်ခြင်းကို သည်းမခံနိုင်စေကာမူ ဖြစ်ပေါ်လာသော မမွေ့မလျော်ခြင်းကို လွှမ်းမိုး၍ နေနိုင်၏။
၂။ ကြောင်ခြင်း ထိတ်လန့်ခြင်းကို သည်းခံနိုင်၏၊ ထိုကြောင်ခြင်း ထိတ်လန့်ခြင်းကို သည်းမခံနိုင်စေကာမူ ဖြစ်ပေါ်လာသော ကြောက်ခြင်း ထိတ်လန့်ခြင်းကို လွှမ်းမိုး၍ နေနိုင်၏။
၃။ အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းအတွေ့တို့ကိုလည်း သည်းခံနိုင်၏။ မကောင်းသဖြင့် ဆိုအပ်ကုန်သော၊ မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ကိုလည်းကောင်း၊ ကိုယ်၌ဖြစ်ဆဲ ဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်သော အသက်ကို ဆောင်နိုင်သော ဆင်းရဲ ဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်း သဘောရှိသူ ဖြစ်၏။
၎။ အထူးသဖြင့် စင်ကြယ်သောစိတ်၌ အပါအ၀င်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၌ ချမ်းချမ်းသာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏။
၅။ ထိုယောဂီသည် တစ်ပါးမက များသော အပြားရှိသော ဣဒ္ဓိဝိဓအဘိညာဏ်ကို ပြီးစေနိုင်၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများအပြား ဖြစ်သွား၏၊ အများအပြား ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှား ဖြစ်စေ၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို(မိမိ) အလိုအတိုင်း ဖြစ်စေနိုင်၏။
၆။ ထိုယောဂီသည် အထူးသဖြင့် သန့်ရှင်း စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ဒိဗ္ဗသောတ ဉာဏ်ဖြင့် နတ်၌လည်း ဖြစ်ကုန်၊ လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။
၇။ ထိုယောဂီသည် တစ်ပါးသော သတ္တ၀ါ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ရာဂနှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ရာဂနှင့်တကွသော စိတ်ဟု သိ၏။ တပ်မက်ခြင်း ရာဂကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ရာဂကင်းသော စိတ်ဟု သိ၏။ အမျက်ထွက်ခြင်း ဒေါသနှင့်တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ဒေါသနှင့်တကွသော စိတ်ဟု သိ၏။ အမျက်ထွက်ခြင်း ဒေါသကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ဒေါသကင်းသော စိတ်ဟု သိ၏။ တွေဝေခြင်း မောဟနှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း မောဟနှင့်တကွသော စိတ်ဟု သိ၏။ တွေဝေခြင်း မောဟကင်းသော စိတ်ကိုလည်း တွေဝေခြင်း မောဟကင်းသော စိတ်ဟု သိ၏။ ကျုံ့သော သံခိတ္တစိတ်ကိုလည်း ကျုံ့သော သံခိတ္တစိတ်ဟု သိ၏။ ပျံ့လွင့်သော ၀ိက္ခိတ္တစိတ်ကိုလည်း ပျံ့လွင့်သော ၀ိက္ခိတ္တစိတ်ဟု သိ၏။ မြတ်သည်၏ အဖြစ်သို့ရောက်သော မဟဂ္ဂုတ်စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်စိတ်ဟု သိ၏။ မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ်စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ်စိတ်ဟု သိ၏။ မိမိထက် သာလွန်သော တရားရှိသော သဥတ္တရစိတ်ကိုလည်း မိမိထက် သာလွန်သော တရားရှိသော သဥတ္တရစိတ်ဟု သိ၏။ မိမိထက် သာလွန်သောတရားမရှိသော အနုတ္တရစိတ်ကိုလည်း မိမိထက် သာလွနသော တရားမရှိသော အနုတ္တရစိတ်ဟု သိ၏။ တည်ကြည်သော သမာဟိတစိတ်ကိုလည်း တည်ကြည်သော သမာဟိတစိတ်ဟု သိ၏။ မတည်ကြည်သော အသမာဟိတစိတ်ကိုလည်း မတည်ကြည်သော အသမာဟိတစိတ်ဟု သိ၏။
လွတ်မြောက်သော ၀ိမုတ္တစိတ်ကိုလည်း လွတ်မြောက်သော ၀ိမုတ္တစိတ်ဟု သိ၏။ မလွတ်မြောက်သော အ၀ိမုတ္တစိတ်ကိုလည်း မလွတ်မြောက်သော အ၀ိမုတ္တစိတ်ဟု သိ၏။
၈။ ထိုယောဂီသည် များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ဟူသည် အဘယ်နည်း၊ တစ်ဘ၀ကို လည်းကောင်း၊ နှစ်ဘ၀တို့ကို လည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ်(အမည်အနွယ်)နှင့်တကွ များစွာသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။
၉။ ထိုယောဂီသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲ သတ္တ၀ါ၊ ဖြစ်ပေါ်ဆဲ သတ္တ၀ါ၊ ယုတ်သော သတ္တ၀ါ၊ မြတ်သော သတ္တ၀ါ၊ အဆင်းလှသော သတ္တ၀ါ၊ အဆင်းမလှသော သတ္တ၀ါ၊ ကောင်းသော လားရာရှိသော သတ္တ၀ါ၊ မကောင်းသော လားရာရှိသော သတ္တ၀ါကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်လာသော သတ္တ၀ါတို့ကို သိနိုင်၏။
၁၀။ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ် သမာဓိနှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ၀င်စား၍ နေနိုင်၏။ ။
Ref: ဥပရိပဏ္ဏာသပါဠိတော်၊ သုံယုတ္တပါဠိတော်၊ ၀ိဘင်္ဂပါဠိတော်၊ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် ပိဋကမြန်မာဘာသာပြန်ကျမ်းများ။