စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

သစ္စာ ၄-ပါး/ ၁၆-ပါး (သစ္စာ တရားတော်)

ပညာရှိတွေဟာ သင်္ခါရလောကရဲ့ အဖြစ်အပျက်ကို သိပြီး၊ သစ္စာလေးပါးတရားကို သိကာ ကိလေသာအပူမီး ငြိမ်းအေးကြပြီ။

(၁) ဒုက္ခသစ္စာ- နှိပ်စက်ခြင်းသဘော၊ ပြုပြင်ခြင်းသဘော၊၊ ပူပန်ခြင်းသဘော၊ ဖောက်ပြန်ခြင်းသဘော။

ရှောင်ကွင်းမရ၊ နှိပ်စက်လှ၊ ဒုက္ခပီဠနာ။
အကြောင်းလေးဝ၊ ပြုပြင်ကြ၊ သင်္ခတဋ္ဌသာ။
မစဲမကွာ၊ ပူပန်ပါ၊ သန္တာပဋ္ဌသာ။
အကြောင်းကိုစွဲ၊ ဖောက်ပြန်မြဲ၊ ခေါ်စွဲ ၀ိပရိဏာ။


(၂) သမုဒယသစ္စာ- အားထုတ်ခြင်းသဘော၊ ဒုက္ခ၏ အကြောင်းရင်းသဘော၊ ပေါင်းစပ်ခြင်းသဘော၊ ကြောင်းကြခြင်းသဘော။

ကြီးပွားစေမှု၊ ရှာကြံစု၊ အာယုဟနဋ္ဌာ။
ဖြစ်ပေါ်သီးသီး၊ စုသိုမှီး၊ သိမ်းဆည်း နိဒါနာ။
ဆင်းရဲ၌ယှဉ်၊ မလွှတ်ချင်၊ ခင်မင် သံယောဂါ။
ငြိကပ်တွယ်ဘိ၊ ကြောင့်ကြရှိ၊ ပလိဗောဓဋ္ဌာ။

(၃) နိရောဓသစ္စာ- လွတ်မြောက်ခြင်းသဘော၊ ကင်းဆိတ်ခြင်းသဘော၊ မပြုပြင်ရခြင်းသဘော၊ မသေခြင်းသဘော။

ဝဋ်ဘုံတွင်းမှ၊ ထွက်မြောရ၊ နိဿရဏဋ္ဌာ။
သင်္ခါရတွေ၊ ငြိမ်းဆိတ်နေ၊ ၀ိဝေကဋ္ဌသာ။
အကြောင်းလေးအင်၊ မပြုပြင်၊ အသင်္ခတဋ္ဌာ။
သေခြင်းအ၀၀၊ ကင်းစင်ပ၊ အမတဋ္ဌသာ။


(၄) မဂ္ဂသစ္စာ- ထွက်မြောက်ခြင်းသဘော၊ နိရောဓ၏ အကြောင်းဖြစ်သောသဘော၊ နိဗ္ဗာန်ကို မြင်ခြင်းသဘော၊ အကြီးအမှူးသဘော။

တေဘူမကာ၊ ထွက်စေပါ၊ နိယျာနဋ္ဌသာ။
နိဗ္ဗာန်ရောက်ကြောင်း၊ အကျင့်ကောင်း၊ စုဆောင်း ဟေတုဋ္ဌာ။
ကိလေသာစင်၊ မဂ်-ဖိုလ်မြင်၊ ခေါ်တွင် ဒဿနာ။
သစ္စာမြင်သိ၊ စိုးပိုင်ဘိ၊ အဓိပတေယျာ။



ဒုက္ခသစ္စာ၌ ဉာဏ် ၃-ပါး
၁။ ယောဂီတို့ ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာမည်၏။
၂။ ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာကို စင်စစ် ပိုင်းခြား၍ သိထိုက်၏။
၃။ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော ဤအရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာကို ပိုင်းခြား၍ သိခဲ့ပြီးပြီ။

သမုဒယသစ္စာ၌ ဉာဏ် ၃-ပါး
၁။ ယောဂီတို့ ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား သမုဒယ အရိယာသစ္စာ မည်၏။
၂။ ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား သမုဒယ အရိယသစ္စာကို ပယ်အပ်၏။
၃။ ငါဘုရားသည် ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား သမုဒယ အရိယသစ္စာကို ပယ်ပြီးပြီ။

နိရောဓသစ္စာ၌ ဉာဏ် ၃-ပါး
၁။ ယောဂီတို့ ဤနိဗ္ဗာန်သည် ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား နိရောဓ အရိယသစ္စာမည်၏။
၂။ ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား နိရောဓအရိယသစ္စာကို မျက်မှောက်ပြုအပ်၏။
၃။ ငါဘုရားသည် ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား နိရောဓ အရိယသစ္စာကို မျက်မှောက်ပြုပြီးပြီ။

မဂ္ဂသစ္စာ၌ ဉာဏ် ၃-ပါး
၁။ ယောဂီတို့ ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား မဂ္ဂအရိယသစ္စာ မည်၏။
၂။ ထိုဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား မဂ္ဂအရိယသစ္စာကို ပွားများအပ်၏။
၃။ ငါဘုရားသည် ထိုဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား မဂ္ဂအရိယသစ္စာကို ပွားများပြီးပြီ။


သစ္စာ ၄-ပါး တရားတော်
၁။ ယောဂီတို့  ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာ ပေတည်း၊ ပဋိသန္ဓေတည်နေခြင်း သည်လည်းဆင်းရဲ၏၊ အိုခြင်းသည်လည်းဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးသည်လည်း ဆင်းရဲကုန်၏။

၂။ ယောဂီတို့ ဤသည်ကား ဆင်းရဲ၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား သမုဒယအရိယသစ္စာ ပေတည်း၊ အကြင်တဏှာသည် ဘ၀သစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏၊ ဤတပ်မက်မှုတဏှာသည် အဘယ်နည်း - ကာမဘုံတို့၌ တပ်မက်မှုတဏှာ ကာမတဏှာ၊ တည်မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ ဘ၀တဏှာ၊ သေလျှင် ပြတ်စဲ၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ ၀ိဘ၀တဏှာ တို့တည်း။

၃။ ယောဂီတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား နိရောဓအရိယသစ္စာ ပေတည်း၊ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှုတဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာ နိဗ္ဗာန်ပင် ဖြစ်၏။

၎။ ယောဂီတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား မဂ္ဂအရိယသစ္စာ ပေတည်း၊  ဤ အရိယမဂ်သည် အင်္ဂါ ၈-ပါးရှိ၏၊ အင်္ဂါ ၈-ပါးဟူသော်ကား မှန်စွာ သိမြင်ခြင်း- သမ္မာဒိဋ္ဌိ၊ မှန်စွာ ကြံခြင်း သမ္မာသင်္ကပ္ပ၊ မှန်စွာ ပြောဆိုခြင်း-သမ္မာဝါစာ၊ မှန်စွာ ပြုလုပ်ခြင်း သမ္မာကမ္မန္တ၊ မှန်စွာ အသက်မွေးခြင်း-သမ္မာအာဇီဝ၊ မှန်စွာ အားထုတ်ခြင်း- သမ္မာဝါယာမ၊ မှန်စွာ အောက်မေ့ခြင်း-သမ္မာသတိ၊ မှန်စွာ တည်ကြည်ခြင်း-သမ္မာသမာဓိ ဤသည်တို့တည်း။


သစ္စာလေးဖြာ ပွင့်ချပ်လွှာ
(၁) သုံးဆယ်နှစ်ဝ ကောဋ္ဌာသ ရုပ်အစုပေါ်ဝယ်၊ စက်ဆုပ်ရွံရှာဖွယ်ဟု ပွားရှုစေ့စေ့ အောက်မေ့မှတ်ထင် ဆင်ခြင်သိပ်သည်း သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ။

(၂) ထိုဒုက္ခသစ္စာ ဖြစ်ပေါ်လာခြင်း အကြောင်းရင်းမှန်လှ ရှေးဘ၀က ပြီးခဲ့ရသော လောဘတဏှာသည် သမုဒယသစ္စာ။

(၃) ထိုဒုက္ခ+သမုဒယ နှစ်ဝသစ္စာ မဖြစ်ပေါ်ရာ ချုပ်ငြိမ်းရာမှန်လှ အသင်္ခတဓာတ် နိဗ္ဗာန်မြတ်သည် နိရောဓသစ္စာ။

(၄) ထိုနိရောဓသစ္စာ ချုပ်ငြိမ်းရာလျှင် ကောင်းစွာစွဲထုံ အာရုံပြုညွှန် ကောင်းမွန်လွန်မြတ် အကျင့်ဟုဆိုအပ်သော မဂ္ဂင် ၈-ပါးသည် မဂ္ဂသစ္စာ။

ဤသို့လျှင် သုံးဆယ့်နှစ်ဝ ကောဋ္ဌာသ ရုပ်အစုဝယ် သိ-ပါယ်-ဆိုက်-ပွား လေးပါးသစ္စာ  ပွင့်ချပ်လွှာတို့၏ အစွမ်းအားဖြင့်လည်း ကြိုးစားလုံ့လ ဥဿာဟပြုကြ၍ ဒုက္ခ-သမုဒယအပေါင်းတို့၏ ခေါင်းပါးချုပ်ငြိမ်းရာ နိရောဓသစ္စာ နိဗ္ဗုတာသို့ မြန်စွာရောက်ကြောင်း လမ်းကောင်းအကျော် လမ်းမတော်မှန်လှ မဂ္ဂသစ္စာဘာဝနာကို ကောင်းစွာမသွေ ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။