၁။ အိမ် ကျောင်းနှင့်စပ်သောကြောင်းကြခြင်း အာဝါသပလိဗောဓ။
၂။ အလုပ်အကျွေးနှင့်စပ်သောကြောင်းကြခြင်း ကုလပလိဗောဓ။
၃။ စီးပွားရေးလာဘ်ပူဇော်မှုနှင့်စပ်သောကြောင်းကြခြင်း လာဘပလိဗောဓ။
၎။ အဖွဲ့အစည်းနှင့်စပ်သောကြောင်းကြခြင်း ဂဏပလိဗောဓ။
၅။ အလုပ်ကိစ္စနှင့်စပ်သောကြောင်းကြခြင်း ကမ္မပလိဗောဓ။
၆။ ခရီးသွားခြင်းနှင့်စပ်သောကြောင်းကြခြင်း အဒ္ဓါနပလိဗောဓ။
၇။ ဆွေမျိုးနှင့်စပ်သောကြောင်းကြခြင်း ဉာတိပလိဗောဓ။
၈။ အနာ-ရောဂါ ကျန်းမာရေးနှင့်စပ်သောကြောင်းကြခြင်း အာဗာဓပလိဗောဓ။
၉။ စာပေ ကျမ်းဂန် အမြဲသင်ကြားခြင်းနှင့်စပ်သောကြောင်းကြခြင်း ဂန္ထပလိဗောဓ။
၁၀။ ပုထုဇဉ်တို့၏ အဘိညာဉ် တန်ခိုးနှင့်စပ်သောကြောင်းကြခြင်း ဣဒ္ဓိပလိဗောဓ
ဟူ၍ ရှိကုန်၏။
ကမ္မဋ္ဌာန်းအားထုတ်ခြင်းကို နှောင့်ယှက်တတ်သော ပလိဗောဓငယ် ၁၀-ပါး
၁။ ခြေသည်းရှည်ခြင်း။
၂။ လက်သည်းရှည်ခြင်း။
၃။ ဆံပင်ရှည်ခြင်း။
၎။ မွေးညင်းရှည်ခြင်း။
၅။ မုတ်ဆိတ်ရှည်ခြင်း။
၆။ ကျင်စွယ်ရှည်ခြင်း။
၇။ သပိတ်မကောင်းခြင်း။
၈။ သင်္ကန်း အ၀တ်ညစ်ပတ်ခြင်း။
၉။ ခုတင်မကောင်းခြင်း။
၁၀။ ထိုင်ခုံမကောင်းခြင်း
ဟူ၍ ရှိကုန်၏။
ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှာ မသင့်သော ကျောင်း အဆောက်အဦ အင်္ဂါ ၁၈-ပါး
၁။ အလွန်ကြီးလွန်းသော ကျောင်း။
၂။ အလွန်သစ်လွန်းသော ကျောင်း။
၃။ ဆွေးမြေ့ပျက်စီးဟောင်းနွမ်းသော ကျောင်း။
၎။ ခရီးသွားရာလမ်းနှင့် အလွန်နီးသော ကျောင်း။
၅။ ရေတွင်း၊ ရေကန်တို့နှင့် အလွန်နီးသော ကျောင်း။
၆။ ဟင်းရွက်တောနှင့် နီးလွန်းသော ကျောင်း။
၇။ ပန်းရွက် ပန်းပွင့်တောနှင့် နီးလွန်းသော ကျောင်း။
၈။ သစ်သီးတောနှင့် နီးလွန်းသော ကျောင်း။
၉။ ထင်း ၀ါး သစ်တောနှင့် နီးလွန်းသော ကျောင်း။
၁၀။ လယ်ယာတောနှင့် နီးလွန်းသော ကျောင်း။
၁၁။ ရေဆိပ်၊ ကုန်းဆိပ်နှင့် နီးလွန်းသော ကျောင်း။
၁၂။ မြို့ရွာနှင့် နီးလွန်းသော ကျောင်း။
၁၃။ လူခပ်သိမ်းတို့ မပြတ်စည်းဝေးသော ကျောင်း။
၁၄။ ရန်သူ ၀ိသဘာဂမိန်းမ ယောက်ျားတို့နေထိုင်သော ကျောင်း။
၁၅။ လူမိုက် မကြည်ညိုသူ အရပ်များကို မှီသော ကျောင်း။
၁၆။ မင်းဘေးရှိသော နှစ်နိုင်ငံတို့၏ အစပ်၌ဖြစ်သော ကျောင်း။
၁၇။ ဘေးဥပါဒ် အန္တရာယ်ပေါသော ကျောင်း။
၁၈။ ကလျာဏမိဆွေကောင်း အနီးအနား၌ မရှိသော ကျောင်း
ဟူ၍ ဖြစ်ကုန်၏။
ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှာ သင့်သော ကျောင်း အဆောက်အဦ အင်္ဂါ ၅-ပါး
၁။ မြို့ရွာနှင့် မဝေးလွန်း၊ မနီးလွန်းပဲ သွားခြင်း-လာခြင်းငှာ မပင်ပန်းသော ကျောင်း။
၂။ နေ့ညဥ့်နှစ်ပါးလုံး လူသံထူပြော ရောပြွမ်းခြင်းမရှိသော ကျောင်း။
၃။ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ ဘေးရန်မရှိသော ကျောင်း။
၎။ လျောက်ပတ်သော အ၀တ် သင်္ကန်း ဆွမ်း ဆေးစသော ပစ္စည်းမျိုးကို ရလွယ်သော ကျောင်း။
၅။ မိမိ၏ ယုံမှားကင်္ခါကို ပယ်ဖျောက်နိုင်သော ကလျာဏမိတ္တ ဗဟုသုတ ပညာရှိနှင့် နီးသော ကျောင်း
ဟူ၍ ဖြစ်ကုန်၏။
ကမ္မဋ္ဌာန်းဆရာတို့၏ အင်္ဂါ ၇-ပါး
၁။ သီလ စသောဂုဏ်
၂။ လေးစားအပ်သောဂုဏ်
၃။ ပရိယတ္တိ စသောဂုဏ်
၎။ ကောင်းစွာဆုံးမတတ်သောဂုဏ်
၅။ စကားတရား၌ သည်းခံတတ်သောဂုဏ်
၆။ နက်နဲသော တရားစကားကို ဟောပြောတတ်သောဂုဏ်
၇။ အရာဌာနမဟုတ်၊ အကျိုးစီးပွားလည်းမရှိရာ၌ မခိုင်းစေ မယှဉ်စေတတ်သောဂုဏ်
ဟူ၍ ဖြစ်ကုန်၏။ ။
မပြစ်မှားထိုက်သော ခင်ပွန်းကြီး ၁၀-ဦး
ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။
မာတာ ပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။
၁။ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား၊
၂။ သစ္စာလေးပါကို ကိုယ်တိုင်သိတဲ့ ပစ္စေကဗုဒ္ဓ၊
၃။ ရဟန္တာအရှင်မြတ်၊
၎။ အဂ္ဂသာဝကကြီး ၂-ပါး၊
၅။ မွေးမိခင်၊
၆။ ကျွေးဖခင်၊
၇။ အသက်ဂုဏ်ဝါ သီလကြီးမြတ်သူ၊
၈။ အတတ်ပညာသင်ပေးသော ဆရာ၊
၉။ တရားဟောပေးသူ၊
၁၀။ စားဝတ်နေရေး ပေးကမ်းတတ်သူ အားဖြင့် ခင်ပွန်းကြီး ၁၀-ဦးတို့အား မပြစ်မှားထိုက် ပြစ်မှားမိပါက ၀န်ချတောင်းပန်ရပါမည်။
မာရ်နတ်စစ်သည် ၁၀-ပါး (သေခြင်းကို အဖန်တလဲလဲဖြစ်စေတတ်သော)
၁။ ကာမစ္ဆန္ဒ-ကာမာဂုဏ် ၅-ပါးကို တောင့်တခြင်း၊
၂။ အရတိ-ပျင်းခြင်း၊
၃။ ခုပ္ပိပါသ-ဆာလောင်မွတ်သိပ်ခြင်း၊
၎။ တဏှာ-တဏှာအမျိုးမျိုး၊
၅။ ထိနမိဒ္ဓ-ထိုင်းမိုင်းခြင်း၊
၆။ ဘီရု-ကြောက်လန့်ခြင်း၊
၇။ ၀ိစိကိစ္ဆာ-ယုံမှားသံသယတွေ ဖြစ်ခြင်း၊
၈။ မာနမက္ခ-မာန၀င်ခြင်း၊
၉။ မိစ္ဆာလဒ္ဓဿ-မရားသော အခြံအရံ အကျော်အစောဂုဏ်သတင်း၊
၁၀။ အတ္တုက္ကံသန ပရ၀မ္ဘန-မိမိဂုဏ်သတင်းတွေ ပြောပြီး၊ သူတစ်ပါးကို နိမ့်ချခြင်း။
အပျင်း ၆-လီ
အေးသည်-ပူသည်၊ ဗိုက်အင့်သည်နှင့်၊ ဆာသည်-
စောသည်၊ မိုးချုပ်ပြီဟု၊ ခြောက်လီ စကား၊
လူပျင်းများ၊ ပြောကြား အပြစ်တည်း။
အရိ ၈-ပါး
၁။ ကိစ္စပေါ်လာ၊ သုံးသိက္ခာ၊ ပယ်ခွါ ရိသဲ့သဲ့။
၂။ ကိစ္စပြီးပြန်၊ မဂ္ဂင်ကံ၊ ကျင့်ရန် ရိသဲ့သဲ့။
၃။ ခရီးသွားထွက်၊ မဂ်လမ်းပျက်၊ ပေါ်ထွက် ရိသဲ့သဲ့။
၎။ ခရီးကပြန်၊ စိတ်မသန်၊ မဂ်ဉာဏ် ရိသဲ့သဲ့။
၅။ ပစ္စည်းရရန်၊ ရှိနေပြန်၊ ဓိဋ္ဌာန် ရိသဲ့သဲ့။
၆။ ပစ္စည်းတန်တန်၊ ရပြီးပြန်၊ မဂ်ဉာဏ် ရိသဲ့သဲ့။
၇။ ရောဂါအတွက်၊ မဂ်လမ်းပျက်၊ ယွင်းကွက် ရိသဲ့သဲ့။
၈။ ရောဂါကင်းပြန်၊ အားမသန်၊ မဂ်ဉာဏ် ရိသဲ့သဲ။
သပ္ပါယ အသပ္ပါယ (၇) ပါး
အာဝါသော ဂေါစရော ဘဿံ၊ ပုဂ္ဂလော ဘောဇနံ ဥတု။
ဣရိယာပထောတိ သတ္တေတေ၊ အသပ္ပါယေ ဝိဝဇ္ဇယေ။
သပ္ပါယေ သတ္တ သေဝေထ၊ ဧဝဥှိ ပဋိပဇ္ဇတော။
နစိရေနေဝ ကာလေန၊ ဟောတိ ကဿစိ အပ္ပနာ။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)
၁။ အာဝါသ = နေရာ
အကြင် ကျောင်းအိပ်ရာနေရာ၌ သီတင်းသုံးနေထိုင်သော ယောဂါဝစရပုဂ္ဂိုလ်အား မဖြစ်ပေါ်သေးသော နိမိတ်သည်လည်း မဖြစ်ပေါ်လာတတ်၊ ဖြစ်ပေါ်ပြီးသော နိမိတ်သည်လည်း ပျောက်ပျက်သွားတတ်၏။ မထင် လာသေးသော သတိသည်လည်း မထင်လာဘဲ ရှိနေတတ်၏၊ မတည်ကြည်သေးသော စိတ်သည်လည်း မတည် ကြည်ဘဲပင် ရှိနေတတ်၏။ ဤကဲ့သို့သော ကျောင်းအိပ်ရာ နေရာမျိုးကား မလျောက်ပတ်သော အသပ္ပါယ နေရာပင် ဖြစ်ပေသည်။ (သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဣနြေ္ဒငါးပါးတို့ မဖြစ်ပေါ်လာနိုင်သော နေရာ, ဖြစ်ပေါ်ပြီးသော ဣနြေ္ဒတို့လည်း မရင့်ကျက်နိုင် မကြီးပွား မတိုးတက်နိုင်သော နေရာဟု ဆိုလိုပေသည်၊၊)
အကြင် ကျောင်းအိပ်ရာ နေရာ၌ သီတင်းသုံးနေထိုင်သော ပုဂ္ဂိုလ်အား နာဂပဗ္ဗတ အမည်ရသော တောင်ကျောင်း၌ သီတင်းသုံးတော်မူသော ပဓာနိယတိဿ မထေရ်မြတ်ကြီး သန္တာန်မှာကဲ့သို့ နိမိတ်သည် ဖြစ်လည်း ဖြစ်ပေါ်လာ၏၊ မြဲစွာ တည်တံ့ခိုင်ခံ့ခြင်းသဘောလည်း ရှိ၏၊ သတိသည်လည်း ထိုနိမိတ်အာရုံ၌ ရှေးရှူကပ်၍ စွဲမြဲစွာတည်နေ၏၊ စိတ်သည်လည်း ကောင်းစွာ တည်ကြည်နေ၏။ ဤကဲ့သို့သော ကျောင်းအိပ်ရာ နေရာမျိုး သည်ကား ဘာဝနာလုပ်ငန်းခွင်နှင့် လျော်လျောက်ပတ် ကောင်းမြတ်တော်မှန် သပ္ပါယဧကန် ဖြစ်သော ကျောင်း အိပ်ရာ နေရာမျိုးပင် ဖြစ်ပေသည်။
ထိုကြောင့် အကြင်ကျောင်းတိုက်ကြီး တစ်ခုအတွင်း၌ ကျောင်းဆောင်ပေါင်းများစွာ ရှိနေကုန်ငြားအံ့၊ ထိုကျောင်းဆောင်တို့တွင် ကျောင်းဆောင် တစ်ဆောင် တစ်ဆောင်၌ သုံးရက် သုံးရက်တို့ပတ်လုံး သီတင်းသုံး နေထိုင်ကြည့်၍ အကြင်ကျောင်းဆောင်၌ ကျောင်းအိပ်ရာ နေရာ၌ ထိုရဟန်း၏ စိတ်သည် တည်ကြည်မှု သမာဓိ ကို ရရှိသည် ဖြစ်အံ့၊ ထိုကျောင်းအိပ်ရာ နေရာ၌သာလျှင် နေထိုင်ပါ။
အကျိုးအာနိသင်ကား ဤသို့တည်း -
မိမိတို့နှင့် သပ္ပါယမျှတသည့် ကျောင်းအိပ်ရာနေရာကို ရရှိသဖြင့် အာဝါသသပ္ပါယ ဖြစ်သောကြောင့် သီဟိုဠ်ကျွန်း စူဠနာဂလိုဏ်၌ သီတင်းသုံး နေထိုင်ကြကုန်သည် ဖြစ်၍ ထိုစူဠနာဂလိုဏ်၌ပင်လျှင် ကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်ပေါက် သင်ယူ၍ ကြိုးစားအားထုတ်တော်မူကြရာ ငါးရာကုန်သော ရဟန်းတော်တို့သည် အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ဖူးကြကုန်၏၊ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်သို့ ဆိုက်ရောက်တော် မူကြကုန်သော သူတော်ကောင်းတို့ကား မရေတွက်နိုင်အောင်ပင် များလှကုန်၏။ အခြားအခြားသော ကျောင်းတိုက် ၌ သောတာပန် သို့မဟုတ် သကဒါဂါမ် သို့မဟုတ် အနာဂါမ်အဖြစ်ဟူသော အရိယဘုံသို့ ရောက်ရှိခဲ့ကြပြီး၍ ထိုစူဠနာဂလိုဏ်၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသွားကြကုန်သော ရဟန်းတော်တို့၏ အရေအတွက် အပိုင်းအခြားသည်လည်း မရှိပေ။ အလားတူပင် စိတ္တလတောင်ကျောင်းတိုက် စသည့် သပ္ပါယဖြစ်သည့် ကျောင်း တိုက်တို့၌လည်း သောတာပန် အစ အရဟတ္တဖိုလ် အဆုံးရှိသည့် အရိယဘူမိသို့ ဆိုက်ရောက်သွားတော်မူကြကုန်သော ရဟန်းတော်တို့၏ အရေအတွက်ကား အပိုင်းအခြား မရှိသည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၃-၁၂၄။)
၂။ ဂေါစရဂါမ = ဆွမ်းခံရွာ
နေကို မျက်နှာမူ၍ မသွားရ မပြန်ရသော မိမိ သီတင်းသုံးရာ ကျောင်းတိုက်မှ တောင်ဘက်အရပ်၌ ဖြစ်စေ, မြောက်ဘက်အရပ်၌ ဖြစ်စေ တည်ရှိသော မဝေးလွန်းသော တစ်ကောသခွဲ (အလံတစ်ထောင်) ခန့် အတွင်း၌ တည်ရှိသော ပြည့်ပြည့်စုံစုံ သပ္ပါယမျှတအောင် ရလွယ်သော ဆွမ်းရှိသော ဆွမ်းခံရွာကား သပ္ပါယဖြစ်သော တော်မှန်ကောင်းမွန်သည့် ဆွမ်းခံရွာပင် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် သပ္ပါယ မဖြစ်သည့် ဆွမ်းခံရွာကို သိရှိ ပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၂၄။)
၃။ ဘဿ = စကားပြောမှု
နတ်ရွာ မဂ်-ဖိုလ်-နိဗ္ဗာန်တို့၏ တိုက်ရိုက် ဖီလာကန့်လန့်ဖြစ်သော တိရစ္ဆာနကထာ အမည်ရသော ကထာ အမျိုးမျိုး၌ အကျုံးဝင်သော စကားသည်ကား ယောဂါဝစရပုဂ္ဂိုလ်တို့ မပြောဆိုသင့်သော မလျော် မလျောက် ပတ်သော အသပ္ပါယစကား မည်၏။ နတ်ရွာ မဂ်-ဖိုလ်-နိဗ္ဗာန်တို့၏ တိုက်ရိုက် ဖီလာကန့်လန့် ဖြစ်သော ထို (၃၂)ပါးသော တိရစ္ဆာနကထာစကားသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရရှိပြီးသော နိမိတ်၏ ကွယ်ပျောက်သွား ခြင်းငှာ ဖြစ်တတ်၏။
တရားအားထုတ်သော ပုဂ္ဂိုလ်များ အထူးအလေးဂရုပြု၍ ရှောင်ရှားရမည့် စကားများ ဖြစ်သဖြင့် ဘုရား ရှင်၏ ရှောင်ရှားစေလိုသော ဦးတည်ချက်ကိုပါ ပိုမို၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန် မဟာဝဂ္ဂ သံယုတ်ပါဠိတော်၌ လာရှိသော တိရစ္ဆာနကထာသုတ္တန် မြန်မာပြန်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
ရဟန်းတို့ များပြားသော ဈာန် မဂ်ဖိုလ် နိဗ္ဗာန်၏ တိုက်ရိုက် ဖီလာကန့်လန့်ဖြစ်သော တိရစ္ဆာနကထာ စကားကို မပြောကုန်ရာ။ ယင်း တိရစ္ဆာနကထာစကားကား အဘယ်နည်း?
၁။ ရာဇကထာ၊ မင်းနှင့် စပ်သောစကား,
၂။ စောရကထာ၊ ခိုးသား ဓားပြနှင့် စပ်သောစကား,
၃။ မဟာမတ္တကထာ၊ အမတ်ကြီး (ဝန်ကြီးချုပ်)နှင့် စပ်သောစကား,
၎။ သေနာကထာ၊ စစ်သည် (စစ်တပ်)နှင့် စပ်သောစကား,
၅။ ဘယကထာ၊ ကြောက်မက်ဖွယ်နှင့် စပ်သောစကား,
၆။ ယုဒ္ဓကထာ၊ စစ်ထိုးခြင်း (တိုက်ပွဲ)နှင့် စပ်သောစကား,
၇။ အန္နကထာ၊ စားဖွယ်နှင့် စပ်သောစကား,
၈။ ပါနကထာ၊ သာက်ဖွယ်နှင့် စပ်သောစကား,
၉။ ဝတ္ထကထာ၊ အဝတ်နှင့် စပ်သောစကား,
၁ဝ။ သယနကထာ၊ အိပ်ရာနေရာနှင့် စပ်သောစကား,
၁၁။ မာလာကထာ၊ ပန်းနှင့် စပ်သောစကား,
၁၂။ ဂန္ဓကထာ၊ နံ့သာနှင့် စပ်သောစကား,
၁၃။ ဉာတိကထာ၊ ဆွေမျိုးနှင့် စပ်သောစကား,
၁၄။ ယာနကထာ၊ ယာဉ်နှင့် စပ်သောစကား,
၁၅။ ဂါမကထာ၊ ရွာနှင့် စပ်သောစကား,
၁၆။ နိဂမကထာ၊ နိဂုံးနှင့် စပ်သောစကား,
၁၇။ နဂရကထာ၊ မြို့နှင့် စပ်သောစကား,
၁၈။ ဇနပဒကထာ၊ နယ် (တိုင်းနယ်-ပြည်နယ်)နှင့် စပ်သောစကား,
၁၉။ ဣတ္ထိကထာ၊ အမျိုးသ္မီးနှင့် စပ်သောစကား,
၂ဝ။ သူရကထာ၊ သူရဲကောင်းနှင့် စပ်သောစကား,
၂၁။ ဝိသိခါကထာ၊ လမ်းနှင့် စပ်သောစကား,
၂၂။ ကုမ္ဘဋ္ဌာနကထာ၊ ရေခပ်ဆိပ်နှင့် စပ်သောစကား,
၂၃။ ပုဗ္ဗပေတကထာ၊ သေလွန်ပြီးသူနှင့် စပ်သောစကား,
၂၄။ နာနတ္တကထာ၊ အထွေထွေနှင့် စပ်သောစကား,
၂၅။ လောကက္ခာယိကကထာ၊ လောကအကြောင်းနှင့် စပ်သောစကား,
၂၆။ သမုဒ္ဒက္ခာယိကကထာ၊ သမုဒ္ဒရာအကြောင်းနှင့် စပ်သောစကား,
၂၇။ ဣတိဘဝါဘဝကထာ၊ ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကား,
၂၈။ ပုရိသကထာ၊ အမျိုးသားနှင့် စပ်သောစကား,
၂၉။ အရညကထာ၊ တောနှင့် စပ်သောစကား,
၃ဝ။ ပဗ္ဗတကထာ၊ တောင်နှင့် စပ်သောစကား,
၃၁။ နဒီကထာ၊ မြစ်နှင့် စပ်သောစကား,
၃၂။ ဒီပကထာ၊ ကျွန်းနှင့် စပ်သောစကား
ဤသို့သော စကားတို့တည်း။
ထိုသို့ မပြောသင့်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း?
ရဟန်းတို့ ဤစကားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တပ်မက်ခြင်း ရာဂကင်းရန်, တပ်မက်ခြင်း ရာဂချုပ်ငြိမ်းရန်, ကိလေသာ ဟူသော အပူခပ်သိမ်းမှ ငြိမ်းအေးရန်, သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိရန်, အရိယမဂ်ဉာဏ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် မဖြစ်။
ရဟန်းတို့ သင်တို့ ပြောဆိုလိုသည် ရှိသော်
၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု ပြောဆိုကုန်ရာ၏၊
၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု ပြောဆိုကုန်ရာ၏၊
၃။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန် (နိရောဓအရိယသစ္စာ) တရားတည်းဟု ပြောဆိုကုန်ရာ၏၊
၎။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် (မဂ္ဂအရိယသစ္စာ) တရားတည်းဟု ပြောဆို ကုန်ရာ၏၊
ထိုသို့ ပြောဆိုသင့်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ
ရဟန်းတို့ ဤစကားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ ဖြစ်၏၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တပ်မက်ခြင်း ရာဂကင်းရန်, တပ်မက်ခြင်း ရာဂချုပ်ရန်, ကိလေသာအပူ ခပ်သိမ်းမှ ငြိမ်းအေးရန်, သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိရန်, အရိယမဂ်ဉာဏ်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် ဖြစ်၏။
ရဟန်းတို့ ထိုကြောင့် သင်တို့သည်
၁။ ဤကား ဒုက္ခအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။
၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။
၃။ ဤကား ဒုက္ခချုပ်ရာနိဗ္ဗာန် (နိရောဓအရိယသစ္စာ) တည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။
၎။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် (မဂ္ဂအရိယသစ္စာ) တည်းဟု သိအောင် ကြိုးစား အားထုတ်ရမည်ဟု မိန့်တော်မူ၏။ (သံ၊၃၊၃၆၈။)
[မှတ်ချက်။ ဤအထက်ပါ (၃၂)ပါးသော တိရစ္ဆာနကထာအမည်ရသော စကားတို့တွင် အမှတ် (၂၈) ပုရိသကထာ = အမျိုးသားနှင့်စပ်သော စကားမှာ အချို့မူတို့၌သာ ပါ၍ အချို့မူများ၌ မပါပေ။ တစ်ဖန် အမှတ် (၂၉), (၃ဝ), (၃၁), (၃၂) ဖြစ်ကြသည့် တော-တောင်-မြစ်-ကျွန်းနှင့် စပ်သော စကားလေးမျိုးတို့ကား ပါဠိတော်၌ တိုက်ရိုက်ပင် မလာသော်လည်း ပါဠိတော်၌ တိုက်ရိုက်လာသည့် နောက်ဆုံး တိရစ္ဆာနကထာ ဖြစ်သည့် - ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားရပ်၏နောက်တွင် လာရှိသော ဣတိဘဝါဘဝကထံ ဣတိ ဝါ - ဟူသောပုဒ်ဝယ် ဣတိ ဝါ-၌ တည်ရှိသော ဣတိ-သဒ္ဒါဖြင့် သိမ်းကျုံးရေတွက်၍ ယူထားခြင်း ဖြစ်သည်။
တာ ဟိ ပါဠိယံ သရူပတော အနာဂတာပိ အရည-ပဗ္ဗတ-နဒီ-ဒီပကထာ ဣတိ-သဒ္ဒေန သင်္ဂဟေတွာ သဂ္ဂမောက္ခာနံ တိရစ္ဆာနဘာဝတော ''ဒွတ္တိံသ တိရစ္ဆာနကထာ''တိ ဝုတ္တာ။ (မဟာဋီ၊၁၊၁၄၈။)]
ဒသကထာဝတ္ထုနိဿိတံ သပ္ပါယံ၊ တမ္ပိ မတ္တာယ ဘာသိတဗံ္ဗ။ (ဝိသုဒ္ဓိ၊၁၊၁၂၄။)
ကထာဝတ္ထုဆယ်ပါးကို မှီနေသော စကားမျိုးကား ယောဂါဝစရပုဂ္ဂိုလ်မွန်သည် ပြောဆိုသင့်သော သပ္ပါယ စကားပင် ဖြစ်၏။ ထိုသပ္ပါယစကားကိုလည်း အတိုင်းအရှည်ဖြင့်သာ ပြောဆိုရမည်။ ကထာဝတ္ထု ဆယ်ပါးမှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ အပ္ပိစ္ဆကထာ၊ အလိုနည်းခြင်းနှင့် စပ်သောစကား,
၂။ သန္တုဋ္ဌိကထာ၊ ရောင့်ရဲလွယ်ခြင်းနှင့် စပ်သောစကား,
၃။ ပဝိဝေကကထာ၊ ကာယဝိဝေက-စိတ္တဝိဝေက-ဥပဓိဝိဝေက ဟူသော ကင်းကင်းရှင်းရှင်း နေမှု ဝိဝေက သုံးမျိုးနှင့် စပ်သောစကား,
[၁။ ကာယဝိဝေက = တစ်ကိုယ်ရေ တစ်ကာယ ကင်းကင်းရှင်းရှင်း နေခြင်း, ၂။ စိတ္တဝိဝေက = ဥပစာရ-အပ္ပနာ နှစ်မျိုးပြားသော သမာဓိ တစ်ခုခုကို ထူထောင်လျက် စိတ်ကို နီဝရဏ အညစ်အကြေးတို့မှ ကင်းရှင်း စေလျက် နေခြင်း, ၃။ ဥပဓိဝိဝေက = ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံ ပြုလျက်နေခြင်း]
၎။ အသံသဂ္ဂကထာ၊ ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သောစကား,
၅။ ဝီရိယာရမ္ဘကထာ၊ ကြိုးစားအားထုတ်မှု ဝီရိယနှင့် စပ်သောစကား,
၆။ သီလကထာ၊ သီလနှင့် စပ်သောစကား,
၇။ သမာဓိကထာ၊ သမာဓိနှင့် စပ်သောစကား,
၈။ ပညာကထာ၊ ပညာနှင့် စပ်သောစကား,
၉။ ဝိမုတ္တိကထာ၊ ကိလေသာတို့မှ လွတ်မြောက်သော ဝိမုတ္တိ အရဟတ္တဖိုလ်နှင့်စပ်သောစကား,
၁ဝ။ ဝိမုတ္တိဉာဏဒဿနကထာ၊ အရဟတ္တဖိုလ်ဝိမုတ္တိကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သော စကား -
ဤသည်တို့ကား ကထာဝတ္ထု ဆယ်ပါးတို့တည်း။
ယင်းကထာဝတ္ထု ဆယ်ပါးကို မှီနေသော စကားသည် သပ္ပါယစကား ပြောသင့်သောစကား မည်ပေ၏။ သို့သော် ပြောသင့်သော အတိုင်းအတာနှင့်သာ ပြောရမည် ဖြစ်သည်။ အရဟတ္တဖိုလ် အထွတ်တပ်ထားသော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လိုလား တောင့်တလျက်ရှိသော သူတော်ကောင်းသည် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ် လုပ်ငန်းခွင်အတွင်း၌ မပြော သင့်သော တိရစ္ဆာနကထာစကားများကို အလွန့်အလွန် ဝေးစွာ ရှောင်ရှားလျက် ဆယ်ပါးသော သပ္ပါယကထာ စကားကိုသာ ဉာဏ်ဖြင့် နှိုင်းစာတိုင်းတာလျက် ပြောသင့်ရုံသာ ပြောဆိုမိရန် ကြိုးစားအားထုတ်ခြင်းဖြင့် ဘုရား ရှင်၏ အဆုံးအမတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လေရာသည်။
၎။ သပ္ပါယပုဂ္ဂလ - အသပ္ပါယပုဂ္ဂလ
ပုဂ္ဂိုလ်တစ်ဦးသည် (၃၂)ပါးသော တိရစ္ဆာနကထာစကားကို ပြောဆိုလေ့ ပြောဟောလေ့ မရှိဘဲ ဝေးစွာ ရှောင်လျက် တရားနှင့် လျော်ညီသော ကမ္မဋ္ဌာန်းနှင့် စပ်သော တရားစကားကိုသာ ပြောဆိုလေ့ရှိ၏၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့် ကုံလုံပြည့်စုံ၏၊ ယင်းပုဂ္ဂိုလ်ကို အမှီပြု၍ မတည်ကြည်သေးသော စိတ်သည် တည်ကြည်လာ၏ (မဖြစ်သေးသော သမာဓိသည် ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်ကြည်လာခြင်း သဘောရှိ၏ (= ဖြစ်ပေါ်ပြီးသော သမာဓိသည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်တံ့ခိုင်ခံ့လာ၏)။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မှီဝဲသင့်သော လျော်ကန်လျောက်ပတ် ကောင်းမြတ် သော သပ္ပါယပုဂ္ဂိုလ် မည်၏။
အကြင်ပုဂ္ဂိုလ်သည်ကား သမာဓိကမ္မဋ္ဌာနိက ပုဂ္ဂိုလ် ဖြစ်၏။ သမထ (သမာဓိ) ကမ္မဋ္ဌာန်း၏မူလည်း ကမ်းတစ်ဖက်သို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား ဤ ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဧကန် မှီဝဲသင့်သော သပ္ပါယပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။
အကြင်ပုဂ္ဂိုလ်သည်ကား ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ငန်း ခန္ဓာကိုယ် ဆူဖြိုးရန် မိမိကိုယ်ကို မွေးမြူရေး လုပ်ငန်း၌ အလေ့အလာများ၏၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော (၃၂)ပါးသော တိရစ္ဆာနကထာစကားကို ပြောဆိုလေ့ရှိ၏၊ ဝမ်းဗိုက်ပြည့်အောင် အလိုရှိတိုင်း စားသုံး၍ ပက်လက်အိပ်သည့် ချမ်းသာ, စောင်းအိပ်သည့် ချမ်းသာ, မှိန်းနေတတ်သည့် ချမ်းသာကို အစဉ်တစိုက် ကြိုးစားအားထုတ်လျက် နေထိုင်၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား မမှီဝဲသင့်သော သပ္ပါယ မဖြစ်သည့်ပုဂ္ဂိုလ်မျိုးတည်း။
ညွန်ရေသည် ကြည်လင်သော ရေကို နောက်ကျုအောင် ပြုလုပ်သကဲ့သို့ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ထို ယောဂါဝစရပုဂ္ဂိုလ်ကို စိတ်အစဉ် ညစ်နွမ်းသွားအောင်သာလျှင် ပြုလုပ်၍ ပေးတတ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို အစွဲပြု၍ ကောဋပဗ္ဗတ အမည်ရသော တောင်ကျောင်းတိုက်၌ သီတင်းသုံးသော ရဟန်းငယ်တစ်ပါးအား ရရှိပြီး သော ဈာန်သမာပတ်သည် ပျောက်ပျက်၍ သွားတတ်သကဲ့သို့ မိမိရရှိထားပြီးသော သမာပတ်သည်လည်း ပျောက်ပျက်သွားတတ်၏၊ ပဋိဘာဂနိမိတ်သည်ကား အဘယ်မှာလျှင် ပြောဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း၊ ပျောက် ပျက်နိုင်သည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၄။ မဟာဋီ၊၁၊၁၄၉။)
၅။ ဘောဇန = အစာအာဟာရ၊ ၆။ ဥတု = ရာသီဥတု
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချိုသော အရသာရှိသော ဘောဇဉ်သည် လျော်လျောက်ပတ် ကောင်း မြတ်၏၊ သပ္ပါယဖြစ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချဉ်သော အရသာရှိသော ဘောဇဉ်သည် လျော် လျောက်ပတ်ကောင်းမြတ်၏၊ သပ္ပါယဖြစ်၏။ (ဤအချို အချဉ် အရသာနှစ်မျိုးတို့ကား သတ္တဝါတို့အား အများဆုံး ကျေးဇူးပြုမှုကို မြင်တွေ့ရသောကြောင့် အချို အချဉ် အရသာ နှစ်မျိုးကိုသာ အဋ္ဌကထာဆရာတော် မိန့်ဆိုတော် မူခြင်း ဖြစ်သည်။ ခါးစပ်သော အရသာစသည်တို့ကား ထိုအချို အချဉ် အရသာတို့ကို ပြုပြင်ပေးတတ်သော အာဟာရဓာတ်တို့သာ ဖြစ်၍ မဖွင့်ဆိုခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။)
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အေးသော ရာသီဥတုသည် သပ္ပါယဖြစ်၏၊ အချို့သော ယောဂါ ဝစရ ပုဂ္ဂိုလ်အား ပူသော ရာသီဥတုသည် သပ္ပါယ ဖြစ်၏။
ထိုကြောင့် အကြင်ဘောဇဉ်ကိုလည်းကောင်း, ဥတုကိုလည်းကောင်း မှီဝဲသော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာမှုသည် ဖြစ်ပေါ်လာ၏၊ မတည်ကြည်သေးသော စိတ်သည် တည်ကြည်လာ၏ (= မဖြစ်ပေါ်သေးသော သမာဓိသည် ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်ကြည်လာခြင်း သဘောရှိ၏ (ဖြစ်ပေါ်ပြီးသော သမာဓိသည်လည်း အထူးသဖြင့် မြဲမြံခိုင်ခံ့ တည်တံ့လာ၏)။ ဤကဲ့သို့သော ဘောဇဉ်သည်လည်းကောင်း, ဥတုသည်လည်းကောင်း သပ္ပါယဖြစ်၏၊ လျောက်ပတ်၏။ ဤမှ ပြောင်းပြန် ဖြစ် သော အခြားသော ဘောဇဉ် အခြားသော ဥတုသည်ကား မလျော် မလျောက်ပတ်သည့် အသပ္ပါယဘောဇဉ် ဥတု မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၄။ မဟာဋီ၊၁၊၁၄၉။)
၇။ ဣရိယာပုထ်
ဣရိယာပုထ်တို့တွင်လည်း အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား စင်္ကြံသွားခြင်း ဣရိယာပုထ်သည် သပ္ပါယ ဖြစ်၏၊ မျှတ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အိပ်ခြင်း ရပ်ခြင်း ထိုင်ခြင်းတို့တွင် တစ်မျိုးမျိုးသော ဣရိယာပုထ်သည် သပ္ပါယဖြစ်၏၊ မျှတ၏။ ထိုကြောင့် ကျောင်း၌ကဲ့သို့ ဣရိယာပုထ် တစ်ခုကို သုံးရက်တို့ ပတ်လုံး စုံစမ်း၍ အကြင်ဣရိယာပုထ်၌ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းမှု ပြုလုပ်နေသော ယောဂါဝစရပုဂ္ဂိုလ်အား မတည်ကြည်သေးသော စိတ်သည်မူလည်း တည်ကြည်လာ၏ (မဖြစ်ပေါ်သေးသော သမာဓိသည်မူလည်း ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်တံ့ခိုင်ခံ့လာ၏ (ဖြစ်ပေါ် ပြီးသော သမာဓိသည်မူလည်း အထူးသဖြင့် မြဲမြံစွာတည်တံ့ ခိုင်ခံ့လာ၏)။ ထိုဣရိယာပုထ်ကား လျော်လျောက် ပတ် ကောင်းမြတ်သော မှီဝဲသင့်သော သပ္ပါယဖြစ်သည့် ဣရိယာပုထ်တည်း။ အခြားသော ဣရိယာပုထ်ကား မလျော် မလျောက်ပတ်သော မမှီဝဲသင့်သော ဣရိယာပုထ်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၄။)
ဣတိ ဣမံ သတ္တဝိဓံ အသပ္ပါယံ ဝဇ္ဇေတွာ သပ္ပါယံ သေဝိတဗ္ဗံ။ ဧဝံ ပဋိပန္နဿ ဟိ နိမိတ္တာသေဝနဗဟုလဿ နစိရေနေဝ ကာလေန ဟောတိ ကဿစိ အပ္ပနာ။ (ဝိသုဒ္ဓိ၊၁၊၁၂၅။)
ဤဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် (၇)မျိုးသော အသပ္ပါယကို ရှောင်ကြဉ်၍ (၇)မျိုးသော သပ္ပါယကို မှီဝဲအပ်ပေသည်။ ဤသို့ မလျောက်ပတ်သည်ကို ကြဉ်၍ လျောက်ပတ်သည်ကိုသာ မှီဝဲသဖြင့် ကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ပဋိဘာဂနိမိတ် အာရုံ၌ မှီဝဲခြင်းများသော, ပဋိဘာဂနိမိတ်အာရုံ၌ နှလုံးသွင်းရှုပွားခြင်း ဘာဝနာမနသိကာရ လုပ်ငန်း ရပ်ကို များစွာ မှီဝဲလျက်ရှိသော, ပဋိဘာဂနိမိတ် အာရုံကို ဘာဝနာစိတ်၏ ကျက်စားရာ အာရုံအဖြစ် မှီဝဲခြင်း (ဂေါစရာသေဝန၏ အစွမ်းဖြင့် မှီဝဲခြင်း) အလေ့အလာများသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား မကြာမီ အချိန်ကာလ အတွင်းမှာပင်လျှင် အပ္ပနာဈာန်သည် ဖြစ်ပေါ်လာတတ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၅။) နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ (ဖားအောက်တောရဆရာတော်)
ဗောဇ္ဈင်(မဂ်ဉာဏ်လေးပါ၏ ဖြစ်ကြောင်း)တရား ၇-ပါး
(၁) သတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၄-ပါး
၁။ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ဣရိယာပုထ်လေးပါတို့၌ ကိုယ်နှင့်မကွာအောင် သတိကိုဆောင်ခြင်း။
၂။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် သတိကင်း၍ ညံ့ဖျင်းသောသူတို့နှင့် မပေါင်းဖော်ခြင်း။
၃။ မမေ့မလျော့ မပေါ့မတန် သတိထက်သန်သောသူတို့နှင့် ပေါင်းသင်းလေ့ရှိခြင်း။
၎။ သတိတရား မပြတ်အောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်ခြင်း။
(၂) ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၇-ပါး
၁။ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်မှစ၍ ပရမတ္ထတရားတို့ကို သင်ကြား မေးမြန်းလေ့ရှိခြင်း။
၂။ ညစ်ပေခြင်းမှကင်း၍ သန့်ရှင်းစင်ကြယ်သော ပစ္စည်းဝတ္ထု အသုံးအဆောင်တို့ကို သုံးဆောင်လေ့ရှိခြင်း။
၃။ သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိကို ညီမျှစွာ ထားလေ့ရှိခြင်း။
၎။ ပညာအညွန့်တုံး၍ အဖျင်းအဖြုန်းလူများကို ရှောင်ကြဉ်လေ့ရှိခြင်း။
၅။ တတ်သိ မြော်မြင် ဆင်ခြင်တုံဘိ ပညာရှိကို မပြတ်ပေါင်းသင်းလေ့ရှိခြင်း။
၆။ ရုပ်နာမ်ခန္ဓာနှင့်စပ်၍ ခက်ခဲနက်နဲသော တရားသဘောတို့ကို ကြံစည်ရှုစားလေ့ရှိခြင်း။
၇။ ပညာဉာဏ်မပြတ်ဖြစ်ပွားအောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်ခြင်း။
(၃) ၀ီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး
၁။ အလွန်ကြောက်မယ်ဖွယ်ကောင်းသော အပါယ်ဘေးကို မပြတ်ဆင်ခြင်ခြင်း။
၂။ ၀ီရိယတန်ခိုးသည် အမျိုးမျိုးကြီးကျယ်လှ၏ဟူ၍ ၀ီရိယ၏အကျိုးကို ရှုမြော်ခြင်း။
၃။ ဘုရားစသော သူတော်ကောင်းတို့၏ သွားရာခရီးလမ်းကြောင်းကို လိုက်သင့်ပေသည်ဟု ဆင်ခြင်ခြင်း။
၎။ ငါသုံးဆောင်သော အာဟာရနှင့် ငါ၏စွမ်းအားကို တရားအားထုတ်သဖြင့် အသုံးပြုအံ့ဟု နှလုံးသွင်းခြင်း။
၅။ သူတော်ကောင်းတို့၏ အမွေခံအစစ် ငါအမှန်ဖြစ်မည်ဟူ၍ နှလုံးသွင်းခြင်း။
၆။ ဗုဒ္ဓရှင်တော်ဘုရားသည် ဘုရားစင်စစ် ဧကန်ဖြစ်သည်ဟူ၍ ယုံကြည်ခြင်း။
၇။ ဘုရားရှင်၏ သံဃာတော် အရှင်မြတ်များသည် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံမြင့်မြတ်သည်ဟူ၍ ယုံကြည်ခြင်း။
၈။ ငါ၏ သီတင်းသုံးဖော်များသည် သူတော်ကောင်းစင်စစ် ဧကန်ဖြစ်သည်ဟူ၍ အားထားယုံကြည်ခြင်း။
၉။ ပျင်းရိထိုင်းမှိုင်းသော သူတို့ကို ဝေးစွာရှောင်ကြဉ်ခြင်း။
၁၀။ လုံ့လစွမ်းအင် ထက်သန် ကဲမောက် ရဲရဲတောက်ပုဂ္ဂိုလ်များကို မပြတ်မှီဝဲခြင်း။
၁၁။ ၀ီရိယတရား မပြတ်ဖြစ်ပွားအောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်ခြင်း။
(၄) ပီတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး
၁။ ဗုဒ္ဓါနုဿတိ
၂။ ဓမ္မာနုဿတိ
၃။ သံဃာနုဿတိ
၎။ သီလာနုဿတိ
၅။ စာဂါနုဿတိ
၆။ ဒေ၀တာနုဿတိ
၇။ ဥပသမာနုဿတိ ဤအနုဿတိတရား ခုနစ်ပါးတို့ကို ပွားများလေ့ရှိခြင်း။
၈။ ရတနာသုံးပါးဂုဏ်ကို မတုန်မလှုပ် ကြည်ညိုခြင်း။
၉။ သဒ္ဓါအညွန့်တုံး၍ နှလုံးခြောက်သွေ့သော သူတို့ကို ဝေးစွာရှောင်ကြည်ခြင်း။
၁၀။ သဒ္ဓါကြည်ညို၍ စိတ်နှလုံးရွှမ်းစိုသော သူတို့ကိုသာ မှီခိုပေါင်းသင်းလေ့ရှိခြင်း။
၁၁။ ပီတိတရား ဖြစ်ပွားလေအောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်ခြင်း။
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၇-ပါး
၁။ မွန်မြတ်သော အစာဘောဇဉ်ကို သုံးဆောင်ခြင်း။
၂။ ချမ်းသာညီမျှ သပ္ပါယဖြစ်သော ဥတုကို မှီဝဲခြင်း။
၃။ ချမ်းသာသော ဣရိယာပုထ်ဖြင့် နေထိုင်ခြင်း။
၎။ ငါ သူတစ်ပါး သတ္တ၀ါအများတို့သည် ကံသာလျှင် အမွေဥစ္စာရှိ၏ဟူ၍ အမြဲဆင်ခြင်ခြင်း။
၅။ ကိုယ်ကြမ်းစိတ်ကြမ်းနှင့် အသနားမဖက် ရက်စက်ညှဉ်းဆဲတတ်သော သူများကို ဝေးစွာရှောင်ကြည်ခြင်း။
၆။ ကိုယ်ရောစိတ်ပါ ငြိမ်သက်အေးမြစွာနှင့် သိမ်မွေ့သောသူတို့ကို အမြဲပေါင်းသင်းဆက်ဆံခြင်း။
၇။ ပဿဒ္ဓိတရား ဖြစ်ပွားလေအောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်ခြင်း။
(၆) သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး
၁။ ညစ်ပေခြင်းမှကင်း၍ သန့်ရှင်းစင်ကြယ်သော ပစ္စည်းဝတ္ထု အသုံးအဆောင်တို့ကို သုံးဆောင်လေ့ရှိခြင်း။
၂။ သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိကို ညီမျှစွာထားလေ့ရှိခြင်း။
၃။ သမာဓိအာရုံဖြစ်သော ကသိုဏ်းဝန်း နိမိတ်တို့ကို ထင်လွယ်အောင်ယူမှု၌ လိမ္မာခြင်း။
၎။ ၀ီရိယလျော့ပါးသဖြင့် စိတ်ဓာတ်တွန့်၍နေသောအခါ စိတ်တက်ကြွလာအောင် မြှောက်၍ပေးခြင်း။
၅။ ၀ီရိယလွန်သဖြင့် စိတ်ပျံ့လွင့်၍ မြောက်မြင့်နေသောအခါ စိတ်ငြိမ်ဝပ်သွားအောင် နှိမ့်၍ပေးခြင်း။
၆။ စိတ်ညှိုးနွမ်း၍နေသောအခါ စိတ်ကို ရွှင်အောင်ပြုလုပ်၍ပေးခြင်း။
၇။ စိတ်ဓာတ်သည် တွန့်ခြင်း၊ ပျံ့လွင့်ခြင်းတို့မှကင်း၍ အာရုံတစ်ခုတည်း၌ ငြိမ်သက်စွာ စူးစိုက်၍နေသောအခါ မြှောက်ခြင်း၊ နှိမ့်ခြင်း၊ ရွှင်စေခြင်းတို့ကို မပြုဘဲ အလိုက်သင့် လျစ်လျူရှု၍ထားခြင်း။
၈။ စိတ်နှလုံးချောက်ချား၍ ဥဒ္ဓစ္စများသောသူကို ဝေးစွာရှောင်ကြဉ်ခြင်း။
၉။ သမာဓိမဏ္ဍိုင်ဖြင့် စိတ်နှလုံး ခိုင်ခံ့သောသူကို အမြဲပေါင်းသင်းခြင်း။
၁၀။ ဈာန်တရားများကို ဆင်ခြင်လေ့ရှိခြင်း။
၁၁။ သမာဓိတရားဖြစ်ပွားလေအောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်လေ့ရှိခြင်း။
(၇) ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၅-ပါး
၁။ ငါ သူတစ်ပါး သတ္တ၀ါအများတို့သည် ကံသာလျှင် အမွေဥစ္စာ ရှိကြကုန်၏ဟူ၍ ကမ္မဿကာ သဘောကို ဆင်ခြင်ခြင်း။
၂။ ပရမတ္ထသဘောအားဖြင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိဟု နိဿတ္တသဘောအားဖြင့် ပုဂ္ဂိုလ်သတ္တ၀ါတို့ အပေါ်၌ လျစ်လျူထားခြင်းနှင့် ပစ္စည်းဘဏ္ဍာ ပရိက္ခရာ အသုံးအဆောင်တို့၌ ငါပိုင်သည် ငါဆိုင်သည် သဘောမထားဘဲ အသာမိကသဘောအားဖြင့် လျစ်လျူရှုထားခြင်း။
၃။ သား သမီး ဆွေမျိုးဉာတကာ ပစ္စည်းဘဏ္ဍာတို့၌ တွယ်တာခင်မင်လေ့ရှိသော သူများကို ဝေးစွာရှောင်ကြဉ်ခြင်း။
၎။ အလုံးစုံသော သတ္တ၀ါတို့၌လည်းကောင်း၊ အလုံးစုံသော ပစ္စည်းဘဏ္ဍာတို့၌လည်းကောင်း တွယ်တာခင်မင်မှု နည်းပါးသော ဥပေက္ခာသမားကို အမြဲပေါင်းသင်း ဆက်ဆံခြင်း။
၅။ ဥပေက္ခာတရား ဖြစ်ပွားအောင် စိတ်ဓာတ်ကို အမြဲသွေးဆောင်ခြင်း။
မဟာသတိပဋ္ဌာန်အမေး-အဖြေကျမ်း(လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး)
မှတ်ချက်။ ။ သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်၊ ၀ီရိယလွန်လျှင် ပြန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်။ သတိကား လွန်သည်မရှိ။
မဟာသတိပဋ္ဌာနသုတ်နိဿယ(ဆရာတော်ဦးဗုဓ်)
တရားအားထုတ်ရာ၌ ၀ီရိယနည်းပါး၍ သမာဓိကြီးမားနေလျှင် အားထုတ်မှု မရှိတော့ပေ။ သမာဓိရအောင် ငြိမ်သက်နေသည့်အယောင်ဖြင့် ကြာလျှင် ကောသဇ္ဇခေါ် အပျင်းဓာတ် လွှမ်းမိုးလာတော့၏။ ၀ီရိယကကြီးမားပြီး သမာဓိနည်းပါးနေလျှင်လည်း တည်ကြမူ မရှိတော့ပေ။ ထို့ကြောင့် ကြိုးစားရှုမှတ်ပါလျက် သမာဓိမတည်သောအခါ အခြားအလုပ်အပေါ် အာရုံရောက်ကာ ဥဒ္ဓစ္စခေါ် စိတ်ပျံ့လွင့်ခြင်းများ ဖြစ်လာတတ်သည်။ ထိုကောသဇ္ဇနှင့် ဥဒ္ဓစ္စတို့ ၀င်ရောက်ခွင့်မရအောင် သတိဖြင့်ထိန်းညှိ၍ ၀ီရိယနှင့် သမာဓိကို မျှတစေရမည်။
သဒ္ဓါလွန်သည်ဆိုသည်မှာ ပညာမလိုက်နိုင်သောကြောင့် ဖြစ်သည်။ ၀ီရိယလွန်သည်ဆိုသည်မှာ သမာဓိမလိုက်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သဒ္ဓါနှင့်ပညာ၊ ၀ီရိယနှင့်သမာဓိ နှစ်စုံတို့ကို ချိန်ခွင်လျှာကဲ့သို့ ညီစေရပါမည်။ တစ်ခုထက်တစ်ခုက မသာစေရဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ ထိုအချက်ကို မသိဘဲ ၀ီရိယလွန်လျှင် ပြန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်။ ထို့ကြောင့် ထိုအရာတို့ကို လွန်ကဲအောင် အားမထုတ်ရဟု အမှတ်မမှားသင့်ပေ။ ထိုနှစ်စုံတို့တွင် တစ်ခုမြင့်လျှင် နောက်တစ်ခုကိုလည်း လိုက်၍မြှင့်ပေးရမည်။ တရားအားထုတ်ရာ၌ ၀ီရိယအားကောင်နေလျှင် သမာဓိအားပါ ကောင်းစေရန်အတွက် သတိဖြင့်ထိန်းညှိပေးရမည်။
ဘ၀လွတ်မြောက်ရေးလမ်းစဉ်(မဟာဘွဲ့ကြိုစာတမ်း-အရှင်များ)
ပျံ့လွင့်မြောက်မြင့်နေသော စိတ်ကို ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် ဤဗောဇ္ဈင်သုံးပါးကို ပွားများသဖြင့် နှိမ်ရမည်။ ညှိုးနွမ်း၍နေသော စိတ်ကို ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင် ဤဗောဇ္ဈင်သုံးပါးကို ပွားများသဖြင့် ရွှင်အောင်ပြုပြင်ရပါသည်။ သတိသမ္ဗောဇ္ဈင်ကိုကား အခါခပ်သိမ်း ပွားများအပ်၏။ ။
တရားရရန် ၇-တန်
ကိစ္စမများ၊ အအိပ်ပါး၍၊ စကားလည်းနည်း၊
ဖော်ရှောင်ခွဲလျက်၊ မတွဲမိတ်ဆိုး၊ လိုဆိုးကင်းလတ်၊
ပြီးမသတ်ဘဲ၊ မရပ်မနား၊ ရှုမှတ်ပွား ၊
တရားမြန်မြန် ရမည်တည်း။
ပဓာနိယင်္ဂတရား ၅-ပါး
ယုံကြည်/ကျန်းမာ၊ ဖြောင့်စင်းစွာနှင့်
လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို
ဖြစ်-ချူပ်သိမြင်၊ ဤငါးအင်၊
မဂ်လျှင် ရကြောင်းတည်း။ (လယ်တီဆရာတော်)။
သောတာပန်ဖြစ်ရန် အင်္ဂါ ၄-ပါး
သူတော်ကောင်းကို ပေါင်း၊ တရားကောင်းကို နာ၊
နှလုံးကောင်းကို သွင်း၊ အကျင့်ကောင်းကို ကျင့်၊
နိဗ္ဗာန် တံခါးပွင့်။
စတုရာရက္ခ ကိုယ်စောင့်ကမ္မဋ္ဌာန်း ၄-ပါး
သဗ္ဗတ္ထကကမ္မဋ္ဌာနန္တိ ဗုဒ္ဓါနုဿတိ မေတ္တာ မရဏဿတိ အသုဘာဝနာ စ။ ဣဒဥှိ စတုက္ကံ ယောဂိနာ ပရိဟရိယမာနံ သဗ္ဗတ္ထကကမ္မဋ္ဌာန န္တိ ၀ုစ္စတိ သဗ္ဗတ္ထ ကမ္မဋ္ဌာနာနုယောဂဿာရက္ခဘူတတ္တာ သတိသမ္ပဇညဗလေန အ၀ိစ္ဆိန္နဿ ပရိဟရိတဗ္ဗတ္တာ သတိသမ္ပဇညဂ္ဂဟဏေန တဿ ၀ုတ္တာ ၀ုတ္တာ။ (မဟာသတိပဋ္ဌာနသုတ်-မဟာဝဂ္ဂဋီကာ)
(၁) ဗုဒ္ဓါနုဿတိဘာဝနာ
၁။ အရဟံ၊ ကိလေသာတို့မှ ကင်းဝေးတော်မူသော မြတ်စွာဘုရား။
အရဟံ၊ စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
အရဟံ၊ လူမင်းနတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မသမ္ဗုဒ္ဓေါ၊ သင်္ခါရ ၀ိကာရ လက္ခ္စဏ နိဗ္ဗာန် ပညတ်တည်းဟူသော ဉေယျငါးတန် တရားမှန်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာသုံးပါ ၀ိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော၊ စကားခြောက်ခွန်း လူ၌ထွန်းလည်း လေးခွန်းကိုပယ် နှစ်ခွန်းသယ်၍ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
၅။ လောက၀ိဒူ၊ သတ္တလောက သင်္ခါရလောက သြကာသလောကတည်းဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္တ၀ါတို့ကို ယဉ်ကျေးအောင် ဆုံးမခြင်း၌ အတုမရှိ မြတ်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ၊ ဗြဟ္မာနတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ၊ ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ၊ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တ-တည်းဟူသော ဘုန်းတော်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ။
(၂) မေတ္တာဘာဝနာ
၁။ လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၎။ ဝေးနေနီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၆။ ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်း ကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်း ကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်း ကြပါစေ။ ။
(၀ိသိဋ္ဌ တိပိဋကဓရ-မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ)
(၃) မရဏာနုဿတိဘာဝနာ
၁။ ဘုန်းကံကြီးများ၊ ခြွေရံများ၍၊ ခွန်အားပြည့်မတ်၊ ဣဒ္ဓိပါဒ်နှင့်၊ အတတ်ပညာ၊ ကြီးမြင့်ပါလည်း၊ သတ္တ၀ါအားလုံး၊ ကုန်အောင်ချုံး၊ နောက်ဆုံး သေရမည်ပါတကား။ ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(၄) အသုဘဘာဝနာ
၁။ ဤရူပကာယ ခန္ဓာကိုယ်၌-
ဆံပင် မွေးညင်း ခြေသည်းလက်သည်း သွား အရေထူအရေပါး၊
အသား အကြော အရိုး ရိုးတွင်းချဉ်ဆီ အညှို့၊
နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊
အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်၊
သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊
မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်။
(ငှက်တွင်းဆရာတော်ဘုရားကြီး)
၂။ ငါ၏ကိုယ်မှာ၊ နံ့သာမွှေးကြိုင်၊ မြဲခိုင်လှစွာ၊ ကောင်းရာမမြင်၊ ဆံပင်သာရှိ၊ အမွေးရှိ၍၊ ရှိသည့်လက်သည်း၊ ခြေအသည်းနှင့်၊ သွားလည်း တစ်ထွေ၊ အရေ တစ်မျိုး၊ ညှီနံ့ဆိုးသည် အသိုး အပုပ်ချည်းပါတကား။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
>>> ကမ္မဋ္ဌာန်း ၄၀၊ နိမိတ် ၃-ပါး၊ ဘာဝနာ ၃-ပါးနှင့် ဈာန် <<<
(၁) ကမ္မဋ္ဌာန်း ၄၀-လုံး ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့ကို ရနိုင်သည်။
ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ(၃၂-ကောဋ္ဌာသ)၁-ပါးနှင့် အာနာပါနဿတိ ၁-ပါးပေါင်း ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ကား ပရိကမ္မနိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် ၃-ပါးလုံးကို ရသည်။
(၂) ပရိကမ္မနိမိတ်၊ အာရုံတစ်ခုခုရအောင် အားထုတ်ရာ၌ ရှေးဦးစွာ ပွားများရှုမြင်ရသော အာရုံ။
(၃) ဥဂ္ဂဟနိမိတ်၊ မျက်စိဖြင့်ဖွင့်၍ ကြည့်ရာ၌ မြင်ရသလို စိတ်ထဲမှာ ထင်ရှားစွာပေါ်လာသော အာရုံ။
(၄) ပဋိဘာဂနိမိတ်၊ ဥဂ္ဂဟနိမိတ်နှင့် သဏ္ဍာန်တူစွာ ၎င်းထက်အဆပေါင်းများစွာ ကြည်လင်စွာပေါ်လာသော အာရုံ။
(၅) ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ၂-ပါးသည် ပရိကမ္မဘာဝနာ။
(၆) ပဋိဘာဂနိမိတ်သည် ဥပစာရဘာဝနာနှင့် အပ္ပနာဘာဝနာ။
ဈာန်ဖြစ်ပေါ်ပုံ
ဥဂ္ဂဟနိမိတ်ထင်ပြီးနောက် ၎င်းနိမိတ်ကို အဖန်ဖန်အထပ်ထပ် ဆင်ခြင်ပွားများသော ယောဂီပုဂ္ဂိုလ်အား အစဉ်အတိုင်း နီဝရဏတရားတို့သည် ကင်းကွာကုန်၏၊ ထိုအခါ ဥဂ္ဂဟနိမိတ်ထက် အဆများစွာ စင်ကြယ်သော ပဋိဘာဂနိမိတ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုပဋိဘာဂနိမိတ်ထင်ပြီး ၎င်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ်ပွားများသော ယောဂီပုဂ္ဂိုလ်အား ရှုပါဝစရပထမဈာန်-အပ္ပနာဈာန်သည် ဖြစ်ပေါ်လာသည်။
၃၂-ကောဋ္ဌာသ၌ ပထမဈာန်အင်္ဂါ ၅-ပါး
ရွံရှာဖွယ် ဆံပင်စသောကောဋ္ဌာသ အာရုံသို့ စိတ်ကို ရောက်အောင် တင်ခြင်း။
ရွံရှာဖွယ် ဆံပင်စသောကောဋ္ဌာသ အာရုံကို စဉ်းစားတွေးတော ကြံစည်သုံးသပ်ခြင်း။
ရွံရှာဖွယ် ဆံပင်စသောကောဋ္ဌာသ အာရုံ၌ စိတ်၏ ငြိမ်သက်တည်ကြည်ခြင်း သမာဓိ။
သမာဓိကြောင့် နီဝရဏကင်းပြီးတော့ ပီတိ သောမနဿ ဖြစ်ခြင်း။
၃၂-ကောဋ္ဌာသ(ဒွတ္တိံသာကာရ)ကမ္မဋ္ဌာန်း ပွားများတဲ့ ပုဂ္ဂိုလ်သည် ပဋိကူလသညာ-ရွံရှာဖွယ် အမှတ်သညာ ကောင်းစွာထင်ပြီး အာရုံကို စွဲမြဲစွာ သုံးသပ်ခြင်းဖြင့် သမာဓိကောင်းစွာဝင်၍ နီဝရဏစင်ပြီးတော့ ပထမဈာန်ကိုရပါတယ်။ ။
ကောဋ္ဌာသအာရုံ ထင်ပုံ ၃-မျိုး
(၁) ကောဋ္ဌာသမှာ ရွံဖွယ်သာ(ပဋိကူလသညာထင်) ရလာ ပထမဈာန်။
(၂) ကောဋ္ဌာသမှာ အရောင်လေးဖြာ(နီလ-အညိုရောင်၊ ပီတိ-အ၀ါရောင်၊ လောဟိတ-အနီရောင်၊ သြဒါတ-အဖြူရောင်၊ အရောင်လေးမျိုး တစ်မျိုးမျိုးထင်) ရလာ စတုတ္ထဈာန်။
(၃) ကောဋ္ဌာသမှာ ဓာတ်လေးဖြာ(ပထ၀ီ အာပေါ တေဇော ၀ါယောထင်) တက်ပါ ၀ိပဿနာ။
>>> ကောဋ္ဌာသအာရုံ ထင်ပုံ ၃-မျိုးနှင့် ၀ိပဿနာ <<<
၁။ ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကို ရှုပွားပြီးတော့ ပဋိကူလတော-ရွံရှာဖွယ်ထင်တဲ့ ယောဂီသည် ပထမဈာန် မလိုချင်ဘူးဆိုရင် ရွံရှာဖွယ်ထင်တဲ့ ကောဋ္ဌာသတပါးပါးကို ဓာတ်ခွဲ၍ ၀ိပဿနာရှုပွားရပါသည်။
၂။ ၀ဏ္ဏတော-အညို အ၀ါ အနီ အဖြူဆိုတဲ့ အရောင်လေးမျိုး တမျိုးမျိုးထင်ခဲ့ရင် မူလ-ကောဋ္ဌာသကို ဓာတ်ခွဲ၍ ၀ိပဿနာရှုပွားရပါသည်။
၃။ ဓာတုတော-ဓာတ်ထင်လာတဲ့ ယောဂီသည် ၎င်းဓာတ်ကို လက္ခဏာရေးသုံးပါးနှင့် သုံးသပ်ရှုပွားပြီးတော့ ၀ိပဿနာဉာဏ်ဖြစ်ကာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ပါသည်။
>> ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်း မဂ်လမ်းကိုဝင် <<<
၁။ ၃၂ကောဋ္ဌာသ-ဥဂ္ဂဟကောသလ္လ-မနသိကောသလ္လ
၂။ ပဋိကူလ-၀ဏ္ဏကသိဏ-ဓာတု (သတိ ၀ီရိယ ပညာ)
၃။ ဓာတု(ဓာတ် ၆ပါး)-၀ိပရိဏာမ(အနိစ္စ ဒုက္ခ အနတ္တ)
၎။ နေတံ မမ-နေသော ဟမသ္မိ-နမေသော အတ္တာ (မာန တဏှာ ဒိဋ္ဌိ)
၅။ အတ္တ-အတ္တနိယ-နိစ္စ-သုဘ ဆိတ်သုဉ်း (သုညတ ၄မျိုးထင်)
၆။ အဇ္ဈတ္တ-ဗဟိရဓာတု-ယထာဘူတံ-နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ ၀ိရာဂါ ၀ိမုစ္စတိ ၀ိမုတ္တသ္မိံ ၀ိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ ၀ုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။
Ref: သဒ္ဓမ္မပကိဏ္ဏကအနုဒီပနီကျမ်း၊ ပဋိပတ္တိပကာသနီကျမ်းနှင့် ၀ိသုဒ္ဓိမဂ်-အဋ္ဌကထာ-ဋီကာကျမ်း။