၁။ ဣတ္ထိဒါန၊ မိန်းမ ယောက်ျား နှစ်ယောက်သားကို အောင်သွယ် ပြုလုပ်၍ မင်္ဂလာဆောင် အိမ်ထောင်ပေးစားသော အလှူ။
၂။ ဥသဘဒါန၊ ဆင် မြင်း ကျွဲ နွား ခွေး ၀က် ဆိတ်နှင့် သိုး အစရှိသော တိရစ္ဆာန်များကို သား မြေး တိုးပွား အကောင်များအောင် တိုက်ခိုက်ပေးစားသော အလှူ။
၃။ စိတ္တကမ္မဒါန၊ မြင်သူတို့ စိတ် ကလတ်အောင် ပန်းချီပန်းပုနှင့် ဓာတ်ပုံတို့ ပြုလုပ်၍ပေးခြင်းစသော အလှူ။
၎။ မဇ္ဇဒါန၊ ကုသိုလ်တရားကို မေ့စေတတ်သော သေရည်သေရက် မူးယစ်ဆေးစသော အလှူ။
၅။ သတ္ထဒါန၊ အသက်ကို သေစေတတ်သော ဓား လှံ လက်နက်စသော အလှူ။
၆။ ၀ီသဒါန၊ သေစေတတ်သော အဆိပ်ဆေးစသော အလှူ။
၇။ သင်္ခလိကဒါန၊ သတ္တ၀ါတို့ကို နှောင်ဖွဲ့စရာ လက်ထိပ် ခြေကျဉ်း နှောင်အိမ်စသော အလှူ။
၈။ တုလကုဋ မာသကုဋဒါန၊ ချိန်စဉ်းလဲ တင်းစဉ်းလဲ အလေးစဉ်းလဲစသော အလှူ။
၉။ ကုက္ကုဋသူကရဒါန၊ အရှင်လတ်လတ် သတ်စားဘို့ရာ ကြက် ၀က်စသော အလှူ။
၁၀။ နဋဒါန၊ ပွဲးလမ်းသဘင် တီးမှုတ်နားထောင်စရာမျိုးစုံစသော အလှူ။
၎င်း အဓမ္မိကဒါန ဆယ်ပါးသည် အမည်းအဖြူနှစ်ပါး ရောနှော၍ ပြုတတ်သောသဘော၊ အဆိုးအကောင်း သောင်းပြောင်းရောရာ မိဿက၀ိပါက် ရောယှက်သော အကျိုးမျိုးကို ပေးစေတတ်သောကြောင့် ကဏှသုက္ကကံမည်ပြီး၊ အပါယ်ဘုံသို့ရောက်စေတတ်၏။ အပါယ်တည်းဟူသော သံသရာ၌ များစွာခံရပြီးသည့်နောက် လူ့ဘုံသို့ ပြန်ရောက်လာလျှင် လွတ်ပမလားလို့ဆိုတော့ ၀ိပါက်မှာ အမြဲ၊ ငရဲမှာ အပ ဆိုသောကြောင့် လူ့ဘုံမှာ ၀ိပါက်တရားအကျိုးဆက် အကျိုးဖျား ခံစားရပုံမှာ - - -
သုရာငါးပါး မေရယငါးပါး အရက် မူယစ်ဆေးဝါးကို သူတပါးကိုသောက်စေခြင်း၊ ကိုယ်လည်း သောက်စားမိခြင်းကြောင့် ရူးသွပ်သော ဝေဒနာဖြစ်ရ၏။ ကျန်ကိုးပါးသော အဓမ္မိကဒါနများကား ဥစ္စာမဲ့ခြင်း၊ ကုန်လွယ် ပျောက်လွယ်ခြင်း။ အသက်မရှည်ခြင်း၊ သေလွယ်ခြင်း။ အန္တရာယ်မကင်းခြင်း၊ ဘေးသင့်ခြင်း။ အဆင်းမလှခြင်း၊ ပျက်လွယ်ခြင်း။ တန်ခိုးမရှိခြင်း၊ ညံ့လွယ်ခြင်း။ အမျိုးမစစ်ခြင်း၊ ယုတ်ညံ့ယုတ်မာခြင်း။ စာပေမတတ်ခြင်း၊ မေ့တတ်ခြင်း။ ဤကဲ့သို့ အကျိုးများကို ခံစားရကုန်၏။
[ တနည်း။ ။ အဓမ္မိကဒါန အကျိုး ခံစားရပုံမှာ - - - -
၁။ ဥစ္စာပင်မရှိသော်လည်း သား သမီး မြေး မြစ်တွေက အိမ်နှင့်တလုံး။
၂။ အသက်ပင် ရာကျော်ရှည်သော်လည်း ဆေးဆရာခေါ်ရတာက အကြိမ်တထောင်။
၃။ အဆင်းပင်မလှသော်လည်း မွမ်းမံချယ်လယ် မှန်ကြိုက်တာက အလွန်အမင်း၊ မေးငေါ့၊ ခေါင်းစောင်း မကောင်းအောင် ပြောဆိုကြမှာက အနန္တ။
၎။ တန်ခိုးပင် မဲ့သော်လည်း မောက်ကြွား ၀င့်ဝါ ဂုဏ်လုပ်ချင်တာက အလွန်အကျူး။
၅။ အမျိုးပင် မစစ်သော်လည်း ရတနာသုံးပါး၊ ဆရာသမား၊ လူကြီးမိဘတို့ကို မရိုသေတတ်၊ ကျူးလွန်တော်လှန် ယုတ်မာတာက အကဇင်းမရှိ။
၆။ စာပေပင်မတတ်သော်လည်း မသင်မကြား မမှတ်သား ပျင်းအ ထိုင်းမှိုင်းခြင်းက အလွန်ထူး။ ဤကဲ့သို့ အကျိုးကိုလည်း ပေးစေတတ် ဖြစ်စေတတ်၏။ ]
Ref: ပဋိပတ္တိပကာသနီကျမ်း၊ ဇရပ်ကုန်း ဆရာတော်( ၁၂၉၆ - ခုနှစ် )။ မိလိန္ဒပဉှာပါဠိ။