ယောဂီ အဘယ်သို့လျှင် ၀ိပဿနာပညာကို မမေ့မလျော့သနည်း။ ယောဂီ ဓာတ်တို့သည် ပထ၀ီဓာတ် အာပေါဓာတ် တေဇောဓာတ် ၀ါယောဓာတ် အာကာသဓာတ် ၀ိညာဏဓာတ်အားဖြင့် ဤခြောက်ပါးတို့တည်း။
၁။ ပထ၀ီဓာတ် - - -
ယောဂီ မြေ ပထ၀ီဓာတ်ဟူသည် အဘယ်နည်း။ မြေ ပထ၀ီဓာတ်သည် အချို့အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော မြေ ပထ၀ီဓာတ်ဟူသည် အဘဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာ ကြမ်းတမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်တည်း။ ဤရုပ်ဟူသည် အဘယ်နည်း၊ ဆံပင် မွေးညင်း ခြေသည်း-လက်သည်း သွား အရေထူ-အရေပါး၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက် ဤဆိုခဲ့ပြီးမှ တစ်ပါးလည်း ဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော မြေ ပထ၀ီဓာတ်ဟူ၍ ဆိုရ၏။
အတွင်းသန္တာန်၌ ဖြစ်သော မြေ ပထ၀ီဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော မြေ ပထ၀ီဓာတ်သည်လည်းကောင်း မြေ ပထ၀ိဓာတ်သာပင်တည်း။ မြေ ပထ၀ီဓာတ်ကို ဤမြေ ပထ၀ီဓာတ်သည် ငါပိုင် မဟုတ်၊ ဤမြေ ပထ၀ီဓာတ်သည် ငါမဟုတ်၊ ဤမြေ ပထ၀ီဓာတ်သည် ငါ၏ အတ္တမဟုတ်ဟု ဤမြေ ပထ၀ီဓာတ်ကို အမှန်အတိုင်း ကောင်းသော ၀ိပဿနာပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေ ပထ၀ီဓာတ်ကို ကောင်းသော ၀ိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် မြေ ပထ၀ီဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေ ပထ၀ီဓာတ်၌ တပ်ခြင်းကင်း၏။
၂။ အာပေါဓာတ် - - -
ယောဂီ ရေ အာပေါဓာတ်သည် အဘယ်နည်း။ ရေ အာပေါဓာတ်သည် အချို့အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော ရေ အာပေါဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါအ၀င်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါအ၀င်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ဖြစ်သော ရေ အာပေါဓာတ်ဟူ၍ ဆိုရ၏။
အတွင်းသန္တာန်၌ဖြစ်သော ရေ အာပေါဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ရေ အာပေါဓာတ်သည်လည်းကောင်း ရေ အာပေါဓာတ်သာပင်တည်း။ ထိုရေ အာပေါဓာတ်ကို ဤရေ အာပေါဓာတ်သည် ငါ ပိုင်မဟုတ်၊ ဤရေ အာပေါဓာတ်သည် ငါမဟုတ်၊ ဤရေ အာပေါဓာတ်သည် ငါ၏ အတ္တမဟုတ်ဟု ဤသို့ ဤရေ အာပေါဓာတ်ကို အမှန်အတိုင်း ကောင်းသော ၀ိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ ဤရေ အာပေါဓာတ်ကို ကောင်းသော ၀ိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် ရေ အာပေါဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် ရေ အာပေါဓာတ်၌ တပ်ခြင်းကင်း၏။
၃။ တေဇောဓာတ် - - -
ယောဂီ အပူအအေး မီးဓာတ်သည် အဘယ်နည်း။ အပူအအေး မီးဓာတ်သည် အချို့အတွင်းသန္တာန်၌ ဖြစ်၏။ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး မီးဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး မီး၊ အပူအအေး မီး အပါအ၀င်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း။ အကြင် အပူအအေး မီးဓာတ်ဖြင့်လည်း ပြင်းစွာပူ၏၊ အကြင် အပူအအေး မီးဓာတ်ဖြင့်လည်း ဆွေးမြည့် ရင့်ကျက်၏၊ အကြင် အပူအအေး မီးဓာတ်ဖြင့်လည်း ထက်ဝန်းကျင်လောင်၏၊ အကြင် အပူအအေး မီးဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက်ခြင်းသို့ ရောက်၏။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး မီး၊ အပူအအေးမီး အပါအ၀င်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အပူအအေးမီး ဓာတ်ဟူ၍ ဆိုရ၏။
အတွင်းသန္တာန်၌ဖြစ်သော အကြင် အပူအအေးမီးဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် အပူအအေးမီးဓာတ်သည်လည်ကောင်း အပူအအေးမီးဓာတ်သာလျှင်တည်း။ ဤအပူအအေးမီးဓာတ်သည် ငါပိုင် မဟုတ်၊ ဤအပူအအေးမီးဓာတ်သည် ငါမဟုတ်၊ ဤအပူအအေးမီးဓာတ်သည် ငါ၏ အတ္တ မဟုတ်ဟု ဤသို့ အပူအအေးမီးဓာတ်ကို အမှန်အတိုင်းကောင်းသော ၀ိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အပူအအေးမီးဓာတ်ကို ကောင်းသော ၀ိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အပူအအေးမီးဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အပူအအေးမီးဓာတ်၌ တပ်ခြင်း ကင်း၏။
၎။ ၀ါယောဓာတ် - - -
ယောဂီ လေဓာတ်သည် အဘယ်နည်း။ လေဓာတ်သည် အချို့အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေဓာတ်၊ လေဓာတ် အပါအ၀င်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ အထက်သို့ တက်သောလေ၊ အောက်သို့ သက်သောလေ၊ ၀မ်း၌ တည်သောလေ၊ အူအတွင်း၌ တည်သောလေ၊ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သောလေ၊ ထွက်သက် ၀င်သက်လေ၊ ဤလေတို့ပင်တည်း။ ဤဆိုခဲ့ပြီးသမှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေ၊ လေ အပါအ၀င်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်ဟူ၍ ဆိုအပ်၏။
အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော လေဓာတ်သည်လည်းကောင်း လေဓာတ်သာလျှင်တည်း။ ဤလေဓာတ်သည် ငါပိုင် မဟုတ်၊ ဤလေဓာတ်သည် ငါ မဟုတ်၊ ဤလေဓာတ်သည် ငါ၏ အတ္တ မဟုတ်ဟု ဤသို့ လေဓာတ်ကို အမှန်အတိုင်း ကောင်းသော ၀ိပဿနာ ပညာဖြင့် ရှုသင့်၏။ ဤသို့ လေဓာတ်ကို ကောင်းသော ၀ိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။
၅။ အာကာသဓာတ် - - -
ယောဂီ အာကာသဓာတ်သည် အဘယ်နည်း။ အာကာသဓာတ်သည် အချို့ အတွင်းသန္တာန် ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင် အာကာသ၊ ဟင်းလင်းအပြင် ကောင်းကင် အာကာသ အပါအ၀င်ဖြစ်သောတဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း။ နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာကို မျိုရာ အပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာ တည်ရာအပေါက် တို့တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ၊ ဟင်းလင်းအပြင် ကောင်းကင် အာကာသ အပါအ၀င် ဖြစ်သော ရေးခြစ်မထင် ကောင်းကင် အာကာသ၊ ကောင်းကင် အာကာသ၌ အတွင်းဝင်သော ဟင်းလင်းအပေါက် ဟင်းလင်းအပေါက်၌ အတွင်းဝင်သော ဟင်းလင်းအပေါက်၊ ဟင်းလင်းအပေါက်၌ အတွင်းဝင်သော အသားအသွေးတို့ဖြင့် မတွေ့ထိသော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်ဟူ၍ ဆိုအပ်ဒ၏။
အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အပသန္တာန် ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အာကာသဓာတ်ချည်းပင်တည်း။ ဤအာကာသဓာတ်သည် ငါပိုင် မဟုတ်၊ ဤအာကာသဓာတ်သည် ငါ မဟုတ်၊ ဤအာကာသဓာတ်သည် ငါ၏ အတ္တမဟုတ်ဟု ဤသို့ အကာသဓာတ်ကို အမှန်အတိုင်း ကောင်းသော ၀ိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အာကာသဓာတ်ကို ကောင်းသော ၀ိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အာကာသဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အာကာသဓာတ်၌ တပ်ခြင်းကင်း၏။
၆။ ၀ိညာဏဓာတ် - - -
ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်သော ၀ိညာဏ်သည်သာလျှင် ကြွင်းကျန်၏။ ထိုဝိညာဏ်ဖြင့် အဘယ်ကို သိသနည်း။ ချမ်းသာဟူ၍လည်း သိ၏၊ ဆင်းရဲဟူ၍လည်း သိ၏၊ ဥပေက္ခာဟူ၍လည်း သိ၏၊ ရဟန်း သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ယောဂီ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ယောဂီ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။