စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)
စတုဘုမ္မိကမဟာသတိပဋ္ဌာန်ငှက်တွင်းဂိုဏ်းတည် ဆရာတော်ဘုရားကြီး အပိုင်း(၂)
အောက်ပြည်အောက်ရွာ သာသနာပြုခန်း
ငှက်တွင်းဆရာတော် ဦးပဏ္ဍ၀မှာ သက်တော် ( ၅၄ ) နှစ် သိက္ခာ (၃၄) ၀ါရ၍ မထေရ်ကြီးတပါး ဖြစ်နေလေပြီ၊ သီပေါမင်း ပါတော်မူပြီးနောက် တိုင်းပြည် ငြိမ်သက်ခြင်း မရှိသေးသည့် ၁၂၄၈ - ခုနှစ် ၀ါဆိုလဆန်း ၈ ရက်နေ့တွင် ဆရာတော် ဦးပဏ္ဍ၀သည် နောက်ပါ တပည့် သံဃာ လူကပ္ပိယများဖြင့် အောက်ပြည် အောက်ရွာသို့ စုန်တော်မူသည်။
ဆရာတော် ကြွရောက်လာသည့်လမ်းမှာ ကုန်းလမ်းခရီး မဟုတ်ပေ၊ ကျွန်းသားကြီးကို ထွင်း၍ ပြုလုပ်သော လှေကြီးဖြင့် ရေလမ်းခရီး စုန်လေသည်၊ စစ်ကိုင်း မင်းဝံတောင်တန်း ဧရာဝတီမြစ်စဉ် လှေဖြင့် စုန်ခဲ့ရာ လှေပေါ်မှာပင် ၀ါဆိုရလေသည်။
လှေပေါ်တွင် ၀ါကပ်ရင်းဖြင့် အောက်ပြည် ကွမ်းခြံကုန်းမြို့သို့ တော်သလင်းလပြည့်ကျော် ၈ ရက်နေ့တွင် ရောက်သည်ဟု အဆိုရှိလေသည်၊ ဆရာတော် ဦးပဏ္ဍ၀သည် ရေလမ်းတွင် လှေဖြင့်စုန်ရင်း ရပ်နားရာအရပ် မြို့ရွာဒေသတွင်လည်း တရားဟောလေသည်၊ ရပ်နားရာ လှေဆိပ်များတွင် ကုန်းပေါ်သို့ တက်ရောက်ဆွမ်းခံသည်။
ဤသို့ဖြင့် တရွာဝင် တရွာထွက် တမြို့ဝင် တမြို့ထွက်ပြီးလျှင် ရေလမ်း ခရီးစဉ်အတိုင်း အောက်ပြည်အောက်ရွာသို့ ကြွတော်မူခြင်း ဖြစ်လေသည်။
´အညာသားကြီး ပက်လက်မျော၊ အောက်မှာ တရားဟော`
´အောက်ပြည်ကိုစုံ ငြိမ်းပုံကို ပြောလိုက်ပါ့၊ သထုံပြန်ခါနီးမှ၊ မိသက်နှင့် မိကြီး၊ ကျောင်းတော် ဆောက်အပြီး`
ဟူ၍၎င်း - တဘောင်များ တင်ကြို ပေါ်လာသည်ဟု အဆိုရှိ၏။
အထက်ပြည်တွင် ငှက်တွင်းဆရာတော်ကြီးသည် မိမိ ကျင့်ကြံအားထုတ်၍ ရရှိလာသော အသိဥာဏ်ပညာ ဟောနည်း ပြကွက်များကို စတင်၍ ဟောကြားခြင်းမပြုဘဲ လှေနှင့်စုန်၍ အောက်ပိုင်း မြို့ရွှာများသို့ ကြွရောက်ပြီး တရားများကို တီထွင်၍ ဟောတော်မူသည်။
သာယာ တင့်ဆုံး ကွမ်းခြံကုန်း
ကွမ်းခြံကုန်းမြို့တွင် သင်္ဂဇာ ဆရာတော်ကြီး၏ တပည်တဦး ရှိနှင့်လေသည်၊ ဘွဲ့တော်မှာ ဦးဥက္ကဋ္ဌ၊ ဆရာတော် ဦးဥက္ကဋ္ဌသည် ကွမ်းခြံကုန်းမြို့ လယ်ပေါ်ကျောင်းတိုက်တွင် သီတင်းသုံးလေသည်၊ လယ်ပေါ်ကျောင်းတိုက်မှာ ကွမ်းခြံကုန်းမြို့၏ အရှေ့ပိုင်း အရပ်၌ တည်ရှိလေသည်။
လယ်ပေါ်ကျောင်းဘုန်းကြီး ဦးဥက္ကဋ္ဌသည် မိမိဆရာဖြစ်သော သင်္ဂဇာဆရာတော်အား စာပေပရိယတ် တတ်ကျွမ်း၍ ပဋိပတ်လုပ်ငန်း ဦးစီးတည်ထောင်နိုင်သော ဘုန်းကြီးတပါး ရွေးချယ်စေလွှတ်ပေးရန် လျှောက်ထား တောင်းဆိုဘူးခဲ့သည်။
ထိုအခါ သင်္ဂဇာဆရာတော်ကြီး၏ စေလွှတ်ချက်အရ ရောက်လာသော ဦးပဏ္ဍ၀အား လယ်ပေါ်ဘုန်ကြီး ဦးဥက္ကဋ္ဌလည်း ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြောင်း အစဉ်အလာစကား ရှိ၏။
ဦးပဏ္ဍ၀သည် လယ်ပေါ်ကျောင်းမှာပင် နေလျက် စာပေကျမ်းဂန်ကိုလည်း ပို့ချသည်၊ တရားဟောခြင်းဖြင့်လည်း သာသနာ ပြုနေလေသည်။ ဦးပဏ္ဍ၀ ယူဆသော တရားများကိုလည်း ရှင်းလင်း ထုတ်ဖော်နေလေသည်၊ ပရိယတ္တိ ဗဟုသုတ ကြွယ်ဝပြည့်စုံသော ဆရာတော် ဦးပဏ္ဍ၀၏ စာပေပို့ချမှု၊ တရားဟောပြောမှုများကြောင့် ကွမ်းခြံကုန်းမြို့နှင့် ပတ်ဝန်းကျင်တွင် ဦးပဏ္ဍ၀၏ ဂုဏ်သတင်းမှာ ပြန့်သင်းနေလေပြီ၊ လယ်ပေါ်ဂိုဏ်းသံဃာ အုပ်စုကလည်း ကျေနပ်တော်မူကြပြီး လူဒါယကာများလည်း သဒ္ဓါတိုးပွားလျက် ဦးပဏ္ဍ၀၏ စွမ်းရည်များကို သိမြင် တွေ့လာသည်၊ လယ်ပေါ်ဂိုဏ်း ကြီးပွားရန် စောင့်ရှောက်အုပ်ချုပ်နိုင်မည့် ပုဂ္ဂိုလ်ဟု ယူဆ အားကိုးလာလေသည်။
ထို့ကြောင့် ဦးပဏ္ဍ၀ ကွမ်းခြံကုန်းသို့ ကြွရာ နောက်တနှစ် ၁၂၄၉ ခုနှစ်မှာပင် လယ်ပေါ်ဂိုဏ်းဦးစီးရန် အဆိုပြုလေသည်၊ လယ်ပေါ်ဂိုဏ်း၏ ကျယ်ပြန့်သည်မှာ ကွမ်းခြံကုန်းတောင်ပိုင်း မြောက်ပိုင်းနှင့် မုတ်ကျွန်းဒေသများ ဖြစ်သည်၊ ကျောင်းပေါင်း ( ၃၀၀ ) ခန့်လည်း ရှိသည်။
ကွမ်းခြံကုန်းပတ်ဝန်းကျင် မုတ်ကျွန်းအပါအ၀င်ကျောင်းပေါင်း ၃၀၀ ခန့်တို့ကို ထိန်းသိမ်းဦးစီး၍ သာသနာပြုရန် ဦးပဏ္ဍ၀အား လွှဲအပ်လေတော့သည်။
လယ်ပေါ်ဂိုဏ်းနှင့် သံဃာအစုံအညီ၏ ဆန္ဒလည်း တူညီလေသည်၊ ဦးပဏ္ဍ၀အား လယ်ပေါ်ဂိုဏ်း၏ ဦးစီး ဂဏာစရိယ ဂဏပါမောက္ခ အဖြစ် တင်မြှောက်ကြသည်၊ ထိုအခါမှစ၍ ဆရာတော်ဦးပဏ္ဍ၀သည် လယ်ပေါ်ဂိုဏ်း ဦးစီး ဖြစ်တော်မူခဲ့လေသည်။
လယ်ပေါ်ဂိုဏ်း၏ လှိုင်းဂယက်
မူလရှိနေသော လယ်ပေါ်ဆရာတော် ဦးဥက္ကဋ္ဌသည် ၁၂၅၀ ပြည့်နှစ်တွင် ပျံလွန်တော်မူ၍ ဂိုဏ်းဝင် သံဃာများက အန္တိမဈာပန ခမ်းနားတင့်တယ်စွာပြုလုပ်ကျင်းပကြသည်၊ ဈာပန တာဝန်ကိစ္စများ ပြီးလျှင် လယ်ပေါ်ဂိုဏ်းဝင် သံဃာများ အစုံအညီ စည်းဝေးကြပြန်သည်၊ ယင်းအစည်းအဝေး၌ ငှက်တွင်းဆရာတော် ဦးပဏ္ဍ၀က -
´ဘုရား အဆူဆူ သယမ္ဘူတို့ စင်ဖြူသောသာသနာ စည်ပင်ထွန်းကားရေးအတွက် အနာသ၀ါ အာဇီဝဋ္ဌမ္မက သီလကို သရဏဂုံနှစ်မျိုးနှင့် သီလပေးရန်`
ဆန္ဒပြု၍ တိုက်တွန်းတော်မူလေသည်။
တဖန်တုံ -
´အစဉ်အလာအားဖြင့် ပြုလုပ်ခဲ့ကြသော ဘုန်းကြီးပျံများ နှစ်ရှည် လရှည်ထားခြင်း ငွေကြေးအကုန်အကျခံ၍ သင်္ဂြိုဟ်ခြင်း ရဟန်းခံ ရှင်ပြု အလှူအတန်းများ ပွဲလမ်းသဘင် ထည့်သွင်း ပြုလုပ်ခြင်း စသော သာသနာရေး၌ ပကာသနဘက်သည့် ပြုလုပ်ခြင်းမျိုးကို တော်လှန်ပစ်ရန်`
ဆန္ဒပြုတိုက်တွန်းပြန်လေသည်၊ မိမိတို့ လယ်ပေါ်ဂိုဏ်း အဖွဲ့ဝင် သံဃာများ မိမိတို့ပိုင်ဆိုင်သည့် ကျောင်းအာရာမ်အတွင်း မိမိတို့ သြဇာလွှမ်းမိုးရာဒေသများ၌ ခွင့်မပြုထိုက်ကြောင်းကို လည်း အဆိုတင်လေသည်။
ဆရာတော်ဦးပဏ္ဍ၀မှာ ဘာသာရေး၌ ပကာသနလွှမ်းမိုးခြင်းကို မျက်မွေးစူးဟန်ရှိ၏၊ တုပခမ်းနားစွာကျင်းပခြင်းကိုလည်း ကြည့်လိုမြင်လိုတွေ့လိုစိတ် ရှိဟန်လည်းမတူ၊ သာသနာရေး သက်သက်ထက် ပကာသနအရေးက အလေးသာနေခြင်းကို ပြုပြင်လိုဟန် ရှိတော်မူ၏။
သို့သော် သတ္တ၀ါတို့ စရိုက်ခြင်းက မတူညီကြပါ၊ ဆရာတော် ဦးပဏ္ဍ၀၏ ယူဆချက် ဟောပြော အဆိုပြုချက်တို့ကို အချို့ ဂိုဏ်သံဃာများက ကျေနပ်လက်ခံနိုင်ကြ၏၊ အချို့ကလက်ခံခြင်း မရှိနိုင်၊ လက်မခံနိုင်ခြင်းမှာလည်း မိရိုးဖလာ လမ်းစဉ်မူဟောင်းများအရ အရိုးစွဲနေကြသည့် ပုဂ္ဂိုလ်များ ဖြစ်ကြပေလိမ့်မည်။
ငှက်တွင်းဆရာတော်မှာ လောကုတ္တရာ စတုဘုမ္မိက သတိပဋ္ဌာန်ကျင့်စဉ်မူသစ်ကို တီထွင်လေသည်၊ ရှေးအစဉ်အလာအရ လမ်းစဉ်မူဟောင်းဖြစ်သော သူတော်ကောင်းတို့အကျင့် ပုညကြိယာ၌သာ အားရကြေနပ်သူများက ဆရာတော်အား ဆန့်ကျင့်ကြလေသည်။
ဤသို့အားဖြင့် ရှေးအစဉ်အလာ ကျင့်စဉ် မူဟောင်း ကြိုက်သူများနှင့် အသစ်တီထွင်သော အရိယာကျင့်စဉ်များကို လက်ခံကြသူုတို့ အချင်းချင်း သဘောထားအယူအဆမှ စ၍ ကွဲပြားမှု ဖြစ်လာကြသည်ဟု ဆိုနိုင်၏။
ဆရာတော်ကြီး အဖို့မှာ အသစ်တီထွင် ဟောပြောမြဲသာ ဟောပြောလျက် နေလေသည်၊ ကျင့်ကြံ အားထုတ်ခဲ့သော လက်တွေ့တရား၏ သဘောအယူအဆကိုပင် ပြတ်သားရဲတင်းစွာ ဟောပြောနေလေသည်၊ ဆရာတော်၏ ဟောပြော ယူဆချက်အတိုင်း လိုက်နာကြသော ရဟန်းသံဃာ လူပရိသတ်လည်း တနေ့တခြား တိုးပွားလာလေသည်။
ဂိုဏ်းသီးခြား ဖြစ်လာခြင်း
ထိုအချိန်မှစ၍ သာသနာရေး၌ ဆရာတော်ကြီးသည် ကျင့်နည်း ဟောနည်း အသွင်ခြားလျက် ဂိုဏ်းသီး ဖြစ်လာလေသည်၊ ရွှေမင်းဝံတောင် ငှက်တွင်းချောင်တွင် သီတင်းသုံးသော ဌာနကို အစွဲပြုလျက် ဆရာတော်ကြီးနှင့် အပေါင်းပါဂိုဏ်း ၀င်တို့အား ငှက်တွင်းဂိုဏ်း ဟူ၍ ခေါ်ကြလေသည်၊ ရွှေမင်းဝံတောင်၌ သီတင်းသုံးခဲ့ဘူးသဖြင့် ရွှေမင်းဝံဂိုဏ်း ဟူ၍လည်း ခေါ်ကြလေသည်၊ ငှက်တွင်းဂိုဏ်းဝင် ပရိသတ် အပေါင်းတို့ ကောင်းစွာဆောက်တည်သော အာဇီဝဋ္ဌမက သီလကို အစွဲပြု၍ အာဇီဝဋ္ဌမကဂိုဏ်း ဟူ၍၎င်း - ယင်းဂိုဏ်းသူ ဂိုဏ်းသားတို့ အလေးအနက် ကျင့်မှတ်ရသော သတိပဋ္ဌာန် အစွဲပြု၍ သတိပဋ္ဌာန်ဂိုဏ်း ဟူ၍၎င်း ခေါ်ကြပြန်လေသည်။
ထို့ပြင် ဂိုဏ်းဝင် ပရိသတ်တို့အား ဟောကြားပြသသော စတုဘုမ္မိကမဂ္ဂင်တရားတော်ကို အကြောင်းပြုလျက် စတုဘုမ္မိကမဂ္ဂင်ဂိုဏ်း ဟူ၍လည်း ခေါ်ကြပြန်လေသည်။
ပါရမီ စံကျောင်းတိုက် တည်ခြင်း
သာသနာရေး၌ အားပေးကြသော ကွမ်းခြံကုန်း မြို့သူ မြို့သားတို့သည် လယ်ပေါ်ဂိုဏ်းဝင် ပရိသတ်များနှင့် စကားနည်းရန်စဲ ဖြစ်ကြစေရန် စီစဉ်ဆောက်ရွက်ကြ လေသည်၊ ဆရာတော်ကြီးအား ယင်းလယ်ပေါ်ကျောင်းတိုက်မှ ရွှေ့ပြောင်း သီတင်းသုံးလျှင် စကားနည်းရန်စဲ ဖြစ်လိမ့်မည်ဟူ၍လည်း ယူဆကြသည်။
ထို့ကြောင့် မူလလယ်ပေါ်ကျောင်းတိုက်နှင့် ချောင်းတခုခြားသော ဥယျာဉ်ခြံမြေကို ကျောင်းအသစ် တည်ဆောက် နိုင်ရန် ကွမ်းခြံကုန်းမြို့မှ ဒေါ်ကြီးကြီးက လှူဒါန်းလေသည်၊ ယင်း ဥယျာဉ်ခြံမြေမှာ ကွမ်းခြံကုန်းမြို့ အရှေ့ပိုင်းအရပ်၌ ရှိ၍ ၁၀ - ဧကနှင့် ဒသမ ၂၀ ခန့်ရှိသည်။
[ မှတ်ချက်။ ။ ဤစတုဘုမ္မိကငှက်တွင်းဂိုဏ်းတွင် အများအားဖြင့် ဌာနတိုင်းလိုပင် အမျိုးသမီးတို့က ဦးဆောင်ဖွင့်လှစ်ကြသည်ကို တွေ့ရ၏၊ စတုဘုမ္မိက ငှက်တွင်းဂိုဏ်း ရိပ်သာ ကြီးများကို ကြည့်ပါ။
၁ - ပထမငှက်တွင်းချောင် ကျောင်းအမ ကြေးမြှင်မိဖုရားနင့် ထိပ်စုကြီး မင်းသမီး။ ၂ - ကွမ်းခြံကုန်းမြို့ ပါရမီ စံကျောင်းအမ ဒေါ်ကြီးကြီး အမှူးပြုသော မိသားစု။ ၃ - မင်းလှမြို့ စတုဘုမ္မိက ကျောင်းအမ ဒေါ်ငွေသက်နှင့် မိသားစု။ ၄- သထုံမြို့ ဒေါ်သက်နှင့် ဒေါ်ကြီး။ ၅ - ရန်ကုန်မြို့ ၅၃လမ်း စတုဘုမ္မိက ကျောင်းအမ ဒေါ်ငွေသက်။ ၆- မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာများ နှင့် ပရိယတ္တိစာသင်တိုက်များ ကျောင်းအမကြီး ဒေါ်ဦး မယ်တော်ကြီး ဒေါ်တော်။ ၇ -  မြင်းမူမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ကျောင်းအမ ဒေါ်ကြင်လျှံ နှင့် ဒေါ်သိန့်ညွန့်တို့ မိသားစုများ။ စသည်တို့ ဖြစ်၏ ]
ထိုခြံမြေ၌ ဒေါ်ကြီးကြီးနှင့် မိသားစုတို့က မ,တည်၍ ခြံမြေ လှူရုံမက သီတင်းသုံးရန် ကျောင်းများကိုလည်း ဆောက်လုပ်လေသည်၊ ဆရာတော်ကြီးအား ကြည်ညိုရင်း ရှိကြသော ဦးပန်ရည်နှင့် မိသားစု၊ အမိန့်တော်ရ ဦးဆင်နှင့် မိသားစု၊ ဆေးဆရာကြီး ဦးသင်နှင့် မိသားစု တို့ကလည်း ကျောင်း သိမ် ဇရပ် ဓမ္မာရုံ ရေတွင်း ရေကန် စသော သာသနိကအဆောက်အဦတို့ကို ဆောက်လုပ်၍ အသီးသီး လှူဒါန်းကြလေသည်။
ဆရာတော်သည် နောက်ပါ တပည့်သံဃာ ကပ္ပိယ ကျောင်းသားတို့နှင့် အတူ စတုဘုမ္မိက သာသနာပြုနိုင်ရန် လယ်ပေါ် ကျောင်းတိုက်မှ ပါရမီစံကျောင်းတော်တိုက်သစ်သို့ သက္ကရာဇ် ၁၂၅၁ - ခုနှစ်က ရွှေ့ပြောင်းသီတင်း သုံးတော် မူလေသည်။
ထိုစဉ်က ဆရာတော်ကြီး၏ တူအရင်း သိက္ခာ ၁၀ - ၀ါရ ဦးဇောတာဘိဓဇ ရဟန်းတော်အား မန္တလေးမြို့တော်တွင် ပညာသင်ကြားနေရာမှ ခေါ်ယူခဲ့လေသည်။
သာသနာပြုရန်  ဆရာတော်ကြီး လက်ခံသော ပါရမီစံကျောင်းတိုက်သစ်ကိုလည်း တူတော် ဦးဇောတာဘိဓဇအား စီမံအုပ်ချုပ်ရန် လွှဲအပ်လေသည်၊ ပရိယတ် ပဋိပတ်သာသနာလုပ်ငန်းတို့ကို ဘုရားအလိုတော်ကျ စည်းမျဉ်းသစ် မူသစ်များ ရေးဆွဲစီစဉ်လေသည်၊ ထိုစဉ်က ဦးဇောတာဘိဓဇနှင့်အတူ ဦးပါဠိ ဦးကိတ္တိ ဦးဇာဂရ ဦးနရိန္ဒ ဦးပဏ္ဍိတ ဦးနေယျ ဦးတိလောက စသော ရဟန်းတော်များ သာမဏေ နှစ်ကျိပ်ကျော်တို့နှင့် ကျောင်းသား ကပ္ပိယများလည်း ရှိနေလေသည်။
ဦးဇောတာဘိဓဇသည် ကျောင်းတိုက်ရှိ ရဟန်း သာမဏေတို့အား စာပေပို့ချလေသည်၊ ဆရာတော်ကြီး၏ ပဋိပတ်ကျင့်စဉ် မူသစ်လမ်းစဉ် အရ ကျောင်းဒကာတို့နှင့် ပရိသတ်တို့အား ဟောကြားဆုံးမလျက် နေလေသည်။
နယ်လှည့် သာသနာပြုခြင်း
ငှက်တွင်း ဆရာတော်ကြီးသည် ပါရမီစံကျောင်းတိုက်တွင် ရံဖန်ရံခါ သီတင်းသုံးလျက်ရှိလေသည်၊ အထူးသဖြင့် အောက်မြန်မာပြည် အမြို့မြို့အနယ်နယ်သို့ လှည့်လည်ကြွရောက်၍ သာသနာပြုသည့် အချိန်က များလေသည်။
ထိုစဉ်က ဆရာတော်ကြီး၏ ဂုဏ်သတင်းကား အောက်မြန်မာပြည်၌ ပြန့်နှံ့ထင်ရှားလျက်ရှိလေသည်၊ ´ပန်းသတင်းလေညှင်းဆောင်ယူ` ဆိုသကဲ့သို့ အောက်မြန်မာပြည် အမြို့မြို့အနယ်နယ် ပတ်ဝန်းကျင်အရပ်ဒေသများမှ သူတော်ကောင်းပရိသတ်များမှာ ပျားပန်းခတ်မျှ လှုပ်ရှားလျက် ဆရာတော်ကြီးအား ၀ိုင်းအုံကြလေသည်၊ ကြည်ညိုသဒ္ဓါလည်း တိုးပွားကြလေသည်။
ဆရာတော်ကြီး တရားတော်အယူအဆများကို နားလည်ခွင့် တွေးဆခွင့် ဆင်ခြင်ခွင့် မရှိကြသေးသော သူတော်ကောင်းတို့မှာ စတုဘုမ္မိကကျင့်စဉ်တို့ကို နားလည်ခွင့် တွေးဆခွင့် ဆင်ခြင်ခွင့် ရရှိကြရပေပြီ၊ သံသရာဝဋ်အတွင်းမှ လွတ်ကင်းနိုင်သော လမ်းများ ရှိပါသေးသည် ဟု ကျေနပ်နေကြလေသည်။
ဆရာတော်ကြီးသည် တပည့်ပရိသတ်များ ခြံရံလျက် ကျောင်းအမကြီး ဒေါ်ရွှေစည်အမှူးပြုသော ပုဂ္ဂိုလ်များ၏ ပင့်လျှောက်ချက်အရ ဒေးဒရဲမြို့နယ် တော်ကမယ်ရွာသို့ ကြွရောက်၍ အရိယာလမ်းစဉ် မဂ္ဂင်တရားများကို ဟောကြားပြသတော်မူသည်၊ ထိုရွာကြီးတွင် စတုဘုမ္မိကကျောင်းသစ် ဆောက်လုပ်ခြင်းကို အလှူခံပြီးလျှင် သာသနာပြုလေတော့သည်။
ငှက်တွင်း ဆရာတော်သည် စစ်ကိုင်း မင်းဝံတောင်တန်းတွင် ဧကစာရီ တကိုယ်တည်း တရားအားထုတ် ကျင့်သုံးနေထိုင်လျက်သာ ရှိသည်၊ ယခုလို ဒကာ ဒကာမများ မိမိခေတ္တနေရာဌာနသို့ ၀င်ထွက်သွားလာပြီး နေကြသူများအား တရားရေအေး တိုက်ကျွေးနေရပါငြားလည်း ဆန္ဒတော် အလိုမပြည့်ဘဲရှိ၏၊ တပါးတည်း ဧကစာရီကျင့်သုံးလိုသော ဆန္ဒ သာလျှင် အဓိက ဖြစ်၏။
သို့ရာတွင် အများစု ဖြစ်သော ဝေနေယျ သတ္တ၀ါ အားလုံးတို့က အကြောင်းပြချက်ခိုင်လုံစွာ အကြိမ်ကြိမ်လျှောက်ထားကြသဖြင့် နယ်လှည့်၍ သာသနာပြုနေရလေသည်။
ဆရာတော်ကြီး၏ သတိပဋ္ဌာန်တရားတော်ကို လက်ဆုပ်လက်ကိုင် ပြသမှုကြောင့် သတ္တ၀ါတို့မှာ ဘုတသိ မဟုတ်ဘဲ ဒိဋ္ဌသိ အဖြစ် များပြားလာခဲ့၏။
ဆရာတော်ကြီး မူလသီတင်းသုံးရာ ကွမ်းခြံကုန်းမြို့သာမဟုတ် အောက်မြန်မာပြည် နိုင်ငံအနီးအဝေး မြို့ရွာဒေသများမှလည်း ဆရာတော်အား ပင့်ဆောင်၍ တရားနာယူကြ၏၊ တလထက် တလ တနှစ်ထက် တနှစ် ဆိုသလို တိုးတတ်များပြားလာခဲ့၏။
ဆရာတော်ကြီး တရားပွဲများ ကျင်းပရေးအတွက် ယိုင်းပင်းကြံစည်ကြကုန်၏၊ ဆရာတော်ကြီးအား အမြို့မြို့အနယ်နယ်သို့ ကြွရောက်တော်မူရန် ပင့်လျှောက်ကြ၏။
သာသနာပြုရာ၌ ဘုရားရှင်၏သြ၀ါဒအတိုင်း ကျင့်သုံးတော်မူလျက် တမြို့မှ တမြို့၊ တနယ်မှ တနယ်၊ တရွာမှ တရွာ၊ တတောင်ကျော် တတောင်ထွက်လျက် ယာဉ်ဖြင့်တမျိုး ခြေလျင်တဖုံ ကျရာကြုံရာယာဉ်တို့ဖြင့် ပင်ပန်းဆင်းရဲခံကာ ကြွရောက် သာသနာပြုတော်မူခဲ့၏။
ဘုရားရှင်သည် ဝေနေယျသတ္တ၀ါတို့အား ဒုက္ခ၀ဋ်တွင်းမှ လွတ်ကင်းရန် အလိုငှာ တရပ်မှ တရပ်၊ တမြို့မှ တမြို့ မရပ်မနားသော ခရီးဖြင်း ဒေသစာရီ လှည့်လည်တော်မူ၍ သစ္စာအမြိုက်တရားကို ဟောကြားတော်မူသကဲ့သို့ ဖြစ်၏။
ကျိုက်လတ် မအူပင် ဖျာပုံ စသော မြို့နယ်များသို့လည်း၎င်း ရန်ကုန် အင်းစိန် ဟံသာဝတီ စသော မြို့ကြီးပြကြီး ဒေသကြီးများသို့၎င်း ဒကာတို့ ပင့်လျှောက်ချက်ကို လက်ခံတော်မူပြီးလျှင် စတုဘုမ္မိက သာသနာပြုလေ၏။
ဆရာတော်၏ ယူဆချက် ဟောပြောချက်များကို ပြန့်နှံသည်ထက် ပြန့်နှံစေရန် ကျမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေသည်။
ဆရာတော်ကြီး သာသနာလင်္ကာရ ပဋိပတ္တိကျမ်းသည် ထိုအချိန် ( ၁၂၅၂- ခုနှစ် ) ကပင် ဦးစွာပေါ်လာပေသည်၊ ကျမ်းစာအုပ်များ အဆက်မပြတ် ထွက်ပေါ်သောအခါ ငှက်ဂိုဏ်းဝါဒ အယူအဆ ပြန့်နှံတော့မည်ဟု စိုးရိမ်မကင်းရှိလာသည်နှင့်အမျှ ဆန့်ကျင်ကြသူတို့အား ဆရာတော်ကြီး ကိုယ်တိုင် ချေပခြင်း မပြုသည့်အပြင် တပည့်သံဃာပရိသတ်တို့ကိုလည်း ချေပရန် ခွင့်မပြု။
´မှန်သည့်အလုပ်၊ ဟုတ်သည့်သဘော၊ မတိမ်ကော၊
ကြုံသောခေတ်မှာ၊ သာသနာ၊ မှန်စွာ တိုးတက်မည်`
ဟူသော ဆောင်ပုဒ်အတိုင်း နေကြစေရန် ဆုံးမ၏။
ရှိခိုးမှု နည်းသစ်ထွင်
တနေ့သ၌ ငှက်တွင်းဆရာတော်ကြီးသည် ပုသိမ်ခရိုင် ရေကြည်မြို့သို့ ကြွရောက်၍ တရားဟောလေသည်၊ ဆရာတော်ကြီး၏ တရားပွဲဆိုလျှင် ပရိသတ်ထောင်ပေါင်းများစွာ ရှိသည်၊ အချို့ကား ဆရာတော်၏ တရားအယူအဆများကို နှစ်သက်၍ တရားနာယူကြ၏၊ အချို့မှာ ဂိုဏ်းသီးခြားတီထွင်ဟောကြားပြသခြင်းကို စုံစမ်းလေ့လာကြ၏၊ တရားနာပရိသတ်များတွင် ဂိုဏ်းပေါင်းစုံပါဝင်ကြ၏၊ ဒွါရဂိုဏ်း လက်အောက်ခံ ဒကာ ဒကာမများလည်းပါသည်၊ ( သုဓမ္မာ ) ကံဂိုဏ်းဝင် ဒကာ ဒကာမများလည်းပါသည်။
ဂိုဏ်းပေါင်းစုံ ပရိသတ်များ ပါဝင်၍ သီလခံယူ ဆောက်တည်ကြသောအခါ ကိုယ့်နည်း ကိုယ့်ဟန်အယူဖြင့် သီလခံယူကြသည်၊ ဒွါရဂိုဏ်းဝင်များက သီလခံယူအံ့သောအခါ ရှိခိုးကန်တော့ကြလျှင် ဒွါရကရိုဏ်းဖြင့် ´ကာယဒွါရ ၀စီဒွါရ မနောဒွါရ` ဟူ၍ ဒွါရကရိုဏ်းးခံလျက် ရှိခိုးကန်တော့ကြသည်။
ထိုနည်းအတူ ( သုဓမ္မာ ) ကံဂိုဏ်းဝင် ပရိသတ်တို့ကလည်း ´ကာယကံ ၀စီကံ မနောကံ` ဟူ၍ ကမ္မပုဒ်အရ ကံ ကရိုဏ်းခံချက် ရှိခိုးကန်တော့ကြရာ၌ ပြဿနာ ပေါ်ပေါက် နိုင်ဖွယ်မရှိ၊ ထောင်ပေါင်း များစွာသော ပရိသတ်တို့တွင် ကံ နှင့် ဒွါရဂိုဏ်းဝင် ပရိသတ်များ ပါရှိနေသဖြင့် ကံ ဒွါရ၀ါဒီပုဂ္ဂိုလ်တို့သည် မိမိတို့ဂိုဏ်းအယူအဆအတိုင်းသာ ရှိခိုးကန်တော့ကြမည် ဖြစ်သည်၊ ဒွါရဂိုဏ်းဝင် ပုဂ္ဂိုလ်များကလည်း ကံဂိုဏ်းဝင် များကဲ့သို့ ´ကာယကံ` စသည်ဆို၍ ရှိခိုးကန်တော့ကြမည် မဟုတ်၊ ကံ ဂိုဏ်းဝင်များကလည်း ဒွါရကဲ့သို့ ´ကာယဒွါရ` စသည်ဆို၍ နောက်လိုကှ်ရှိခိုးကန်တော့ ကြမည် မဟုတ်ပါ။
ဆရာတော်ကြီးမှာ များစွာအကျပ်အတည်းနှင့် ရင်ဆိုင်တွေ့နေလေသည်၊ သို့သော် ဆရာတော်ကြီးကား သာမန်ပုဂ္ဂိုလ် မဟုတ်ပေ၊ ဤတရားပွဲသို့ ထောင်ချီလာသည့် ကံ ဒွါရ နှစ်ဂိုဏ်းလုံး ကျေနပ်နိုင်မည့် ရှိခိုးကန်တော့နည်း မူသစ် တီထွင်ရမည်သာ ဖြစ်သည်။
ရှိခိုးကန်တော့ကြရာ၌ ကံ ဒွါရ နှစ်ဂိုဏ်းလုံး ကျေနပ် လက်ခံနိုင်သော နည်းသစ် တီထွင်လေသည်၊ ထိုနည်းကား - ကံ ဒွါရတို့ ကန်တော့နည်း မဟုတ်ဘဲ ´ကာယပဏာမ၊ ၀စီပဏာမ၊ မနောပဏာမ´ ဟူ၍ ပဏာမ ကရိုဏ်းခံလျက် ရှိခိုးကန်တော့ကြရန်ဖြစ်လေသည်၊ ထို့ကြောင့် ဆရာတော်ကြီး တရားပွဲသို့ ထောင်ပေါင်းများစွာသော ပရိသတ်တို့ ရှေးဦးစွာ ရှိခိုးကန်တော့ ကြရသောအခါ ကံ ဂိုဏ်းအကြိုက် ကာယကံ စသည် - ဒွါရဂိုဏ်း အကြိုက် ကာယဒွါရ စသည် မဆိုကြစေဘဲ ကာယပဏာမ စသည် ဆိုစေခြင်းဖြင့် ပရိသတ်အားလုံး လက်ခံကြေနပ် လိုက်နာကြ - ရှိခိုးကန်တော့ကြသည်ဟု အစဉ်အလာ စကားတရပ်ရှိလေသည်၊ ကံ ဒွါရနှစ်ပက္ခလုံး လိုက်နာ ကျင့်သုံးနိုင်သည့် နည်းသစ်တခု တီထွင်လိုက်ခြင်းမှာ ဆရာတော်ကြီး၏ ထူးခြားချက် ဖြစ်သည်၊ ဆရာတော်ကြီး၏ တရားပွဲလည်း ပို၍စည်ကားပြီး ပို၍နှစ်သက်ကြသူ မျာခဲ့လေသည်။
ကံဂိုဏ်းဝင်များ၏ ကာယကံ ၀စီကံ မနောကံ ကဲ့သို့ ဒွါရဂိုဏ်းဝင်တို့၏ ကာယဒွါရ ၀စီဒွါရ မနောဒွါရ အဖြစ်ဖြင့် သီးခြားပေါ်ထွက်လာသည့် နည်းတူ မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်းဝင်များ ရှိခိုးကန်တော့ ကြသောအခါ ´ကာယပဏာမ ၀စီပဏာမ မနောပဏာမ` ဟူသော ´ပဏာမ` ကရိုဏ်းခံလျက် ရှိခိုးကန်တော့နည်း မူသစ် ပေါ်လာပေသည်။
ကံ - ဒွါရ ကရိုဏ်းခံ၍ ရှိခိုးကန်တော့နည်း ပေါ်ပေါက် ကွဲပြားမှုမှာ ၁၂၁၇ - ခုနှစ်က စတင်လာသည်ဟု အဆိုရှိသည်။
ဒွါရဦးစီး ပုဂ္ဂိုလ်
စင်စစ်အားဖြင့် ကံကရိုဏ်းခံလျက် ရှိခိုးကန်တော့နည်းမှာ ယင်းခုနှစ်ထက်စော၍ ရှိခိုးကန်တော့ကြကြောင်း စာဟောင်းပေဟောင်း မှတ်တမ်းများ၌ ဆိုထားလေသည်၊ ဒွါရဖြင့် ရှိခိုးကန်တော့ခြင်းကို အောက်မြန်မာပြည် ဟင်္သာတနယ် အုတ်ဖိုဆရာတော်ကစ၍ တီထွင်သည်ဟု အဆို ရှိလေသည်၊ ထိုဆရာတော်ကြီးကား ဒွါရဂိုဏ်းဦးစီး ပုဂ္ဂိုလ်ကျော်တပါး ဖြစ်သည်၊ ယင်းဆရာတော်၏ အယူဝါဒကို လိုက်နာကျင့်သုံးသူတို့မှာ ( ဒွါရဂိုဏ်းဝင်များ ) ဖြစ်လာပေသည်၊ ဒွါရနှင့်ဆန့်ကျင်ဘက်အဖြစ် ကံကရိုဏ်းခံ၍ ရှိခိုးကန်တော့ကြသူတို့အား ကံဂိုဏ်း ( ကမ္မ၀ါဒီဂိုဏ်း ) ၀င်များဟု အသိအမှတ် ပြုကြလေသည်။
စင်စစ်မှာ ကံ ဒွါရဂိုဏ်း နှစ်ပက္ခပြားလာခြင်းသည် အုတ်ဖိုဆရာတော်နှင့် ကျီးသဲလေးထပ်ဆရာတော်ကြီးများ တွေ့ဆုံရာမှ ပိုမို၍ ဂိုဏ်းကွဲလာသည်ဟု မှတ်သားဘူးသည်။
ထိုအချိန်ကား - အောက်ပြည်အောက်ရွာတို့၌ ဒွါရဂိုဏ်း အတန်ငယ် ကြီးစိုးဘူးသည့် အချိန်ဟု ဆိုရန်ရှိသည်၊ ငှက်တွင်းဆရာတော်၏ ဆရာရင်း တဆူဖြစ်သော သင်္ဂဇာ ဆရာတော်ကြီး ဒွါရဂိုဏ်းဝင်များ လွှမ်းမိုးရာ ကြီးစိုးရာ အောက်ပြည်မြို့နယ် ကျေးရွာများသို့ လှည့်လည်၍ သာသနာပြုလေသည်။
ဒွါရကြီးစိုးသော နယ်သို့ ကြွရောက်ဘူးရာ သင်္ဂဇာ ဆရာတော် ဆုံးမဟောကြားသော တရားများကို လေးစား နာယူခြင်း မရှိဖြစ်လေသည်၊ ဆရာတော်သီတင်းသုံးရာသို့ အချို့ပုဂ္ဂိုလ်များ လိုက်ပါပြီးလျှင် မနေနိုင်လောက်အောင် ဆန့်ကျင်ဘက်ပြုလုပ်ကြသည်၊ နောက်ဆုံးတွင် သင်္ဂဇာဆရာတော်ကြီး မနေနိုင်လောက်သည်အထိ ဖြစ်ဘူးလေသည်။
ထို့ကြောင့် သင်္ဂဇာ ဆရာတော်၏ တပည့်ဖြစ်သော ငှက်တွင်း ဦးပဏ္ဍ၀က မိမိ၏ဆရာ သင်္ဂဇာဆရာတော်ကြီး မနေသင့်မနေထိုက်သော ဒွါရဂိုဏ်းကြီးစိုးရာနယ်မြေ၌ အနေလွဲ၍နေမိခြင်းကို -
´သင်္ဂဇာ အနေလွဲ
ဖွဲနှင့် ဆန်ကွဲ`
ဟူ၍ စာချိုးဘူးလေသည်။
စတုဘုမ္မိကဂိုဏ်းဝင် ပုဂ္ဂိုလ်ကျော်များ
ငှက်တွင်း ဆရာတော်ကြီးသည် အောက်ပြည်၌ သာသနာပြုခြင်းဖြင့် ဂိုဏ်းသီးခြား ထွန်းပေါ်လာသည်နှင့်အမျှ အထက်မြန်မာပြည်တွင်လည်း ထင်ရှားလေသည်၊ အထက်မြန်မာပြည်သို့ လှည့်လည် ကြွရောက်၍ တရားဟောခဲ့ရာ ငှက်တွင်းဂိုဏ်း၏ အမည်သတင်းမှာ အထက်အောက် ပျံ့သင်း လျက် ရှိလေသည်။
ထို့ကြောင့်မဟုတ်လော...။
ငှက်တွင်းဆရာတော် အစဉ် မိန့်ဆိုမြဲ စကားကို ငှက်တွင်းဆရာတော် ရှင်ပြုပေးသောတပည့်ရင်း အသက် ၈၀- အရွယ်ရှိ ဦးမန်းညွန့် ပြောဘူးသည်မှာ -
´ငှက်တွင်းဆရာတော်ဘုရားကြီးက  သာသနာ အညာဆန်မည် ဖြစ်ကြောင်းဖြင့် `ရှေ့ညာဆန်တဲ့ ငှက်ကယ် တသက်မယ် သူထွန်း အမြီးနဲ့ တင့်လွန်း´
အညာပြည်တခွင်၌ ငှက်တွင်း စတုဘုမ္မိကသာသနာ စည်ပင် ထွန်းကားရစ်မည်ဟူသော သဘောပင် ဖြစ်လေသည်။
အထူးသဖြင့် ရွှေဘိုမြို့နယ်တွင် မဟာသတိပဋ္ဌာန် စတုဘုမ္မိက ငှက်တွင်းဂိုဏ်းဝင်များမှာ အားအကောင်းဆုံး ဒေသ ဖြစ်သည်၊ ရွှေဘိုမြို့နယ် ဇီးတောရွာ ပြာသာဒ်ဒကာ စတုဘုမ္မိက မဟာသတိပဋ္ဌာန် တရားဟော ဆရာကြီး ဦးစိုဂေါင်သည် စတုဘုမ္မိက ငှက်တွင်းဂိုဏ်းတရားဟော ပုဂ္ဂိုလ်များအနက် အဟောကောင်းအပြောကောင်း အထင်ရှားဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သက္ကရာဇ် ၁၂၅၀ - ပြည့်နှစ်မှ ၁၂၇၀ - ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ - ကျော်အတွင်း မြန်မာနိုင်ငံ အထက်အောက်၌ ဤစတုဘုမ္မိက မဂ္ဂင် မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း၏ သာသနာပြု လုပ်ငန်းသည် ဒီရေတက်သကဲ့သို့ တဟုန်းထိုး တိုးတက်၍ ကြီးစွာ အောင်မြင်မှုအဖြစ် မှတ်တမ်းများရှိသည်။
ယင်းသို့ သာသနာပြုရာ နှစ်ပေါင်း ၂၀ - အတွင်း ငှက်တွင်းဆရာတော်၏ ပါရမီကို ဖြည့်စွမ်း ကူညီကြသော သာသနာပြု တပည့်ပုဂ္ဂိုလ်ကျော် ဓမ္မကထိက ရဟန်း လူပုဂ္ဂိုလ်များလည်း ပေါ်ထွက်လာခဲ့လေသည်။
ထိုအချိန်က မြန်မာနိုင်ငံတွင် ပဋိပတ် ကျင့်စဉ်များကို ဦးတည်ကွဲပြားကြသော ဆရာတော်ကြီးများလည်း ရှိလေသည်၊ သုဓမ္မာ ရွှေကျင် ကံ ဒွါရ စသည်ဖြင့် ဂိုဏ်းနာမည်များလည်း အသီးသီးရှိလေသည်၊ ယင်းသို့ ဂိုဏ်းနာမည် အသီးသီး ရှိကြသော်လည်း ဘုရားရှင်၏ ၀ိနည်းသိက္ခာပုဒ်တော်အရ တူညီကြရလေသည်၊ ဂိုဏ်းအသီးသီး၏ အတွေးအခေါ် အယူအဆ ခံယူချက်နှင့် သီလဆောက်တည်ကြရာ၌လည်း ကွဲပြား ခြားနားခြင်းမရှိကြရ၊ သဘောချင်း တူညီ ကြရမည်သာ ဖြစ်၏။
သို့သော် ငှက်တွင်းဆရာတော် ဦးပဏ္ဍ၀ တည်ထောင်လိုက်သော ငှက်တွင်းစတုဘုမ္မိက မဂ္ဂင်ဂိုဏ်းတခုကသာ အခြားတွေးခေါ်ခံယူချက် တူညီစေကာမူ သီလခံယူ ဆောက်တည်ကြရာ၌ ခြားနားလေသည်။
သုဓမ္မာ ရွှေကျင် ဒွါရစသည် ဂိုဏ်းများ သီလဆောက်တည်ကြရာတွင် ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ စသည်တို့ အမည်တပ်လျက် သီလခံယူဆောက်တည်ကြခြင်း တူညီကြရ၏။
ငှက်တွင်းဂိုဏ်းဝင်တို့ ဆောက်တည်ကြရသော သီလမှာ အာဇီဝဋ္ဌမက သီလဖြစ်၍ ဒုစရိုက် ၁၀ - ပါးမပြစ်မှားမိစေရန် ဆောက်တည်ခိုင်းလေသည်၊ ဤကား ငှက်တွင်းဂိုဏ်း၏ ထူးခြားချက်တည်း။
ထိုစဉ်က ဆရာတော်ကြီး၏ တပည့်များတွင် တရားဟောကောင်း ကျမ်းတတ်ပုဂ္ဂိုလ်ကျော်များရှိရာတွင် ဘွဲ့တူ ပုဂ္ဂိုလ်ကျော် သုံးပါးလည်း ပါဝင်သည်။
ဘွဲ့တူပုဂ္ဂိုလ်သုံးပါးမှာ ဓနိကုန်း သုံးခွမှ ရှမ်းဦးသုမန၊ ဘိုကလေးမြို့နယ် မြင်ကကုန်းရွာ သံလိုက်ချောင်းကို အမှီပြု၍ သံလိုက်ဦးသုမနနှင့် တော်ကမယ်ရွာမှ တော်ကမယ်ဦးသုမန ဟူ၍ ဖြစ်သည်။