ကာယသုစရိုက် ၃-ပါး
၁။ ပါဏာတိပါတာ ဝေရမဏိ-သတ္တ၀ါတို့၏ အသက်ကို ညှဉ်းဆဲသတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အဒိန္နာဒါနာ ဝေရမဏိ-သူတစ်ပါး၏ ပစ္စည်းကို ထိုသူက မပေးဘဲ ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ-မလွန်ကျူးထိုက်သော ယောက်ျား မိန်းမကို လွန်ကျူးခြင်းမှ ရှောင်ကြဉ်ခြင်း။
ဝစီဒုစရိုက် ၄-ပါး
၁။ မုသာဝါဒါ ဝေရမဏိ-မမှန်စကား မုသားပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၂။ ပိသုဏ၀ါစာ ဝေရမဏိ-ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ ဖရုသ၀ါစာ ဝေရမဏိ-ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၎။ သမ္ဖပ္ပလာပါ ဝေရမဏိ-အနှစ်မရှိ ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
မနောဒုစရိုက် ၃-ပါး
၁။ အဘိဇ္ဈာ ဝေရမဏိ-သူ့ဥစ္စာကို ကိုယ့်ဥစ္စာ ဖြစ်လိုမှုမှ ရှောင်ကြဉ်ခြင်း၊
၂။ ဗျာပါဒါ ဝေရမဏိ-သူတစ်ပါးကို ပျက်စီးစေလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ မိစ္ဆာဒိဋ္ဌိယာ ဝေရမဏိ-အယူမှား အမြင်မှားမှုမှ ရှောင်ကြဉ်ခြင်း အားဖြင့် သုစရိုက် ၁၀-ပါး၊ ၎င်းသုစရိုက် ၁၀-ပါးကို (၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊ (၂) သူတစ်ပါးကို ပြုလုပ်ရန်တိုက်တွန်းခြင်း၊ (၃) သူတစ်ပါး ပြုလုပ်သည်ကို နှစ်သက်ဝမ်းသာခြင်း၊ (၄) သူတစ်ပါး ပြုလုပ်သည်ကို ချီးမွမ်းခြင်း(သူတစ်ပါးနှင့် အတူတကွ တွဲဖက် ပြုလုပ်ခြင်း) လေးပါးနှင့် မြှောက်လိုက်ပါက ၁၀ x ၄ = ၄၀ ၊ သုစရိုက် ၁၀-ပါး၊ အပြား ၄၀ ဖြစ်သည်။ သုစရိုက် ၁၀-ပါး အရာဝယ် ဒုစရိုက် ၁၀-ပါးကို ထည့်လျက် ဒုစရိုက် ၁၀-ပါး၊ အပြား ၄၀ လည်းဖြစ်ပါသည်။
ဒုစရိုက်၊ သုစရိုက်နှင့် အကျိုးပြလင်္ကာ
ရင်သွေးဒါလီ၊ မှတ်နာအီလော့ ၊ထိုဤလက္ခဏာ၊
ဓမ္မတာလည်း၊ ဓမ္မာဓမ္မ၊ ကံနှစ်ဝတွင်
အဓမ္မစစ်၊ ထိုကံညစ်ဖြင့်၊ နစ်၏ပါယ်ရွာ။
ဓမ္မမှာမူ၊ နတ်ရွာသုဂတိ၊ ဆောင်တတ်ဘိ၍၊
ထိုပြီးအပ၊ ကမ္မပထ၊
ဆယ်ပါးပြ၌၊ နှစ်ဝ ဒု သု၊
ကိုယ်တိုင်ပြုနှင့်၊ သူ့ကိုစေငြား၊
ရွှင်အားနှစ်သက်၊ ချီးမွမ်းမြွက်ဟု၊
လေးချက်လေးလီ၊ လေးဆယ်လီတည်း၊
မျှညီပြစ်ကျိုး၊ တူရိုးအဟုတ်၊
မယုတ်မယို၊ ဟောမိန့်ဆိုခဲ့။
Ref: သုတ္တနိပါတ်ပါဠိ-အဋ္ဌကထာ၊ အဂုင်္တ္တိုရ်ပါဠိတော်၊ မဃဒေ၀လင်္ကာသစ် ၂၃၀(မန်လည်ဆရာတော်)၊ ပရာဘ၀သုတ်-မြန်မာဘာသာအဖွင့်ကျမ်း(ရွှေဟင်္သာဆရာတော်)။