စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်း အားထုတ်ရာ၌ ရှေးဦးစွာသိထားရမည့် အချက်အလက်များ

 ဥဂ္ဂဟကောသလ္လဉာဏ် ၇-ပါး

၁။ နှုတ်ဖြင့်ရာထောင်မှစ၍ အကြိမ်တစ်သိန်းတိုင်အောင်သော်လည်း ရွတ်ဆိုရမည်ဟု ၀ိသုဒ္ဓိမဂ်၌ဆို၏။ ထိုသို့ နှုတ်နှင့်ရွတ်ဆိုခြင်းကြောင့် စိတ်သည် ဟိုဟိုဒီဒီမပြေးဘဲ ဆံပင် စသော ကောဋ္ဌာသတို့ ထင်ရှားလာခြင်း အကျိုးရှိ၏။ ဥပမာအားဖြင့် လက်ချောင်းများ အစဉ်ထင်ရှားသကဲ့သို့လည်းကောင်း၊ အာရုံ၌ ပွားတိုင်းပွားတိုင်း မြင်လာ၏။ ဤကောဋ္ဌာသကမ္မဋ္ဌာန်းသည်သာ နှုတ်ရောစိတ်ပါ နှစ်မျိုးစလုံးဖြင့် အားထုတ်ရသော ကမ္မဋ္ဌာန်းဖြစ်၏။ ကျန်ကမ္မဋ္ဌာန်းတို့ကား စိတ်နှင့်သာ အားထုတ်ရ၏။

၂။ နှုတ်ဖြင့်သာမက စိတ်ဖြင့်ဆင်ခြင်ရွတ်ဆိုဖို့လည်း ညွှန်ပြထားသေး၏။ ညွှန်ပြထားပုံကား နှုတ်ဖြင့်ရွတ်ဆိုသကဲ့သို့ စိတ်ဖြင့်လည်း နှလုံးသွင်းခြင်းကို ပြုအပ်၏။ အကျိုးကား နှုတ်ဖြင့်ရွတ်ဆိုခြင်းသည် စိတ်ဖြင့် နှလုံးသွင်းခြင်းကို ကျေးဇူးပြု၏။ စိတ်ဖြင့် နှလုံးသွင်းခြင်းသည် ၃၂-ပါးသော ကိုယ်ကာယကြီး၏ အသုဘလက္ခဏာနှင့် ဓာတ်သဘောလက္ခဏာတို့ကို သိနိုင်ခြင်း အကျိုးရှိ၍၊ ၎င်းလက္ခဏာတို့ကို သိလာသဖြင့် မဂ်ဖိုလ်ကို ထိုးထွင်းသိနိုင်ဖို့ အကျိုးရှိ၏။


၃။ ဆံပင် စသော ကောဋ္ဌာသတို့၏ အဆင်းကိုမြင်အောင်၊ ဉာဏ်ထဲ၌ ပေါ်လာအောင် ပွားများအားထုတ်ရခြင်း၊ ဥပမာ မိမိဦးခေါင်းမှ ဆံပင်ကိုနုတ်၍ လက်ပေါ်၌ ထားကာ ငါ၏ဆံပင်သည် နက်၏၊ ဖြူ၏ဟု အဆင်းအားဖြင့်မြင်အောင်၊ အဖြူ-အနက်ရောနေလျှင် များရာသို့လိုက်၍ အနက်များလျှင် ငါ၏ဆံပင်သည်နက်၏။ အဖြူကများလျှင် ငါ၏ဆံပင်သည် ဖြူ၏ဟု ပိုင်းခြားကာ များရာသို့လိုက်၍ ရူမှတ်ရမည်။


၎။ ကောဋ္ဌာသတရားတို့၏ ပုံပန်းသဏ္ဌာန်ပေါ်အောင် နှလုံးသွင်းရခြင်း၊ ဥပမာ အညှို့ဆိုလျှင် အခိုင်တစ်ခု၌ သရက်သီးနှစ်လုံးပြွတ်သဏ္ဌာန်။

၅။ မိမိတို့၏ ချက်ကို အလယ်ထား၍ အထက်အောက် အရပ်၌ဖြစ်သော ကောဋ္ဌာသကို မှတ်ယူရခြင်း။

၆။ ကောဋ္ဌာသတရားတို့၏ တည်ရာကို နှလုံးသွင်းရခြင်း၊ ဥပမာ ဆံပင်သည် ဦးခေါင်း၌ ဖြစ်၏ဟု တည်ရာနေရာကို နှလုံးသွင်းရခြင်း။

၇။ ဆံပင်သည် အောက်၌ မိမိအပြင် အောက်အပြင်ဖြင့်လည်းကောင်း၊ ၀ဲယာ၌ အချင်းချင်းဖြင့်လည်းကောင်း၊ အထက်၌ အာကာသဟူသော နယ်နိမိတ်ဖြင့်လည်းကောင်း ပိုင်းခြားအပ်၏။ ဤကား သဘာဂပရိစ္ဆေဒတည်း။

ဆံပင်သည် မွေးညင်းမဟုတ်၊ မွေးညင်းသည် ဆံပင်မဟုတ်ဟုလည်း ပိုင်းခြားအပ်၏။ ဤကား ၀ိသဘာဂပရိစ္ဆေဒတည်း။
အားထုတ်သော ပုဂ္ဂိုလ်သည် ပြခဲ့ပြီးသော ၇-ပါးတို့ကို သိရှိထားရမည်။ ၎င်း ၇-ပါးသည် ကမ္မဋ္ဌာန်းအာရုံနိမိတ်ကို လိမ္မာစွာယူခြင်း၏ အကြောင်းဖြစ်ကုန်၏။


မနသီကာရ ကောသလ္လဉာဏ် ၁၀-ပါး

၁။ အနုလုံပဋိလုံ အစဉ်တိုင်း ပွားများရခြင်း။ ကမ္မဋ္ဌာန်းတရား အားထုတ်မည့်ပုဂ္ဂိုလ်သည် နှုတ်(၀စသာ)ဖြင့် ရွတ်ဆိုပွားများ အားထုတ်ရာတွင် ရှေးဦးစွာ ဆံပင်မွေးညင်းစသည်ဖြင့် အစဉ်အတိုင်းပွားများ နှလုံးသွင်းရမည် ဖြစ်သည်။

တစ်ခုကျော်နှစ်ခုကျော်စသည်ဖြင့် နှလုံးမသွင်းရ၊ တစ်ခုကျော် နှစ်ခုကျော်စသည် ပွားများအားထုတ်လျှင် ဘာဝနာမှ လျောကျတတ်၏။ ဘာဝနာ အပြီးသို့ မရောက်ဘဲရှိ၏။

ဥပမာအားဖြင့် ၃၂-ထစ်ရှိသော လှေကားကို တစ်ထစ်နှစ်ထစ်စသည်အားဖြင့် ကျော်တက်လျှင် ကိုယ်ပင်ပန်းကာ လိမ့်ကျတတ်၏။ အိမ်သို့တက်မူ ကိစ္စအပြီးသို့ မရောက်ဘဲရှိ၏။

ထို့ကြောင့် ၃၂-ပါးသော ကောဋ္ဌာသကို အားထုတ်ရာတွင် ကောဋ္ဌာသအစဉ်မကျော်လွန်စေဘဲ အစဉ်အတိုင်း ပွားများရ၏။

၂။ မလျင်မမြန်လွန်းစေရခြင်း။ အစဉ်အတိုင်းပွားများ နှလုံးသွင်းသော ယောဂီပုဂ္ဂိုလ်သည် မမြန်လွန်းစေဘဲ ပွားများနှလုံးသွင်းရမည်။ မြန်လွန်လျှင် ဥပမာအားဖြင့် ၃-ယူဇနာရှိသော ခရီးကိုသွားသော ပုဂ္ဂိုလ်သည် သွားအပ်သောအရပ် စွန့်အပ်သောအရပ်ကို မမှတ်ဘဲ လျင်မြန်စွာ အကြိမ်များစွာ အသွားအပြန်ပြုသော်လည်း ခရီးသာကုန်ပြီးသွားတိုင်းသွားတိုင်း မေးမေးနေရသကဲ့ ထို့အတူ ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီသည် လျင်မြန်စွာပွားများသည်ဖြစ်၍ ကမ္မဋ္ဌာန်းအဆုံးသို့ ရောက်သော်လည်း ဉာဏ်၌မထင်၊  ဉာဏ်၌မထင်သောကြောင့် တရားထူးကို မဆောင်ရွတ်နိုင်။

ထို့ကြောင့် မလျင်မမြန်နှလုံးသွင်းရမည်၊ မှန်၏ ထို ၃-ယူဇနာ ခရီးကိုသွားသောသူသည် အမှတ်သညာသင်္ကေတ စသည်မထားဘဲလျက် ခရီးသွားနေ၍ ဘယ်နေရာ၌ ဘာရှိသည်ကို မသိ၊ နောက်တစ်ခေါက်သွားသော် မေး၍သွားနေရ၏။ မိမိရောက်ဖူးသော နေရာဖြစ်သော်လည်း အမြန်သွားခဲ့သဖြင့် မမှတ်မိနိုင်သကဲ့သို့ ထို့အတူပင် ကေသာ လောမာ စသည်ဖြင့် လျင်မြန်စွာ နှလုံးသွင်းပွားများခဲ့သောကြောင့် ပဋိကူလသဘောစသည် မထင်ဘဲ အထက်တရားထူးကို မရနိုင်ပေ။

၃။ မနှေးလွန်းမလေးလွန်းစေရခြင်း။ မမြန်လွန်းသောအားဖြင့် နှလုံးသွင်းသကဲ့သို့ မနှေးကွေးသောအားဖြင့်လည်း နှလုံးသွင်းပွားများ ရပေမည်။

အလွန်ဖြေးနှေးစွာ နှလုံးသွင်းခဲ့သော် ဥပမာအားဖြင့် ၃-ယူဇနာရှိသော ခရီးကို သွားသောပုဂ္ဂိုလ်အား ခရီးကြား၌ သစ်ပင်တောတောင် ရေကန်တို့၌ ခဏတိုင်း ခဏတိုင်း နားခိုနေပါက ရက်ကြာပြီး ခရီးအားလုံးသို့ မရောက်ဘဲ ရှိတတ်သကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီသည် အလွန် ဖြေးနှေးစွာ နှလုံးသွင်းခဲ့သော် ကမ္မဋ္ဌာန်းအဆုံးဖြစ်သော တရားထူးရခြင်း၏ အကြောင်းမဖြစ်ဘဲ ရှိတတ်၏။

မှန်၏ ထို ၃-ယူဇနာခရီးကို သွားသောပုဂ္ဂိုလ်သည် ဖြောင့်ဖြောင့်တန်းတန်း မသွားမူ၍ လမ်း၌ဟိုချုံနားလိုက် ဒီသစ်ပင်ရိပ်နားလိုက်နှင့် လိုရာခရီး မရောက်ရှိတတ်သကဲ့သို့လည်းကောင်း၊ လမ်းခရီးကြား၌လည်း ခြင်္သေ့ ကျား စသည့်အန္တရာယ်တွေ့ရသကဲ့သို့လည်းကောင်း၊ သူခိုးဓားပြစသော ပုဂ္ဂိုလ်တို့ လုယက် ဖျက်ဆီးခြင်း ခံရသကဲ့သို့လည်းကောင်း၊ ကမ္မဋ္ဌာန်းအပြီးအဆုံးသို့ မရောက်ဘဲ ဈာန်မဂ်ဖိုတရားဟူသော တရားထူးကို မရနိုင်။ ထို့ကြောင့် မနှေးလွန်း မမြန်လွန်းသောအားဖြင့် ပွားများရမည်ဖြစ်သည်။ မနှေးလွန်း မမြန်လွန်းသောအားဖြင့် ပွားများရမည်ဖြစ်သည်။

၎။ စိတ်ပျံ့လွင့်သည်ကို ပယ်ရှားတားမြစ်ခြင်း။ စိတ်ပျံ့လွင့်သည်ကို ပယ်ရှားတားမြစ်ခြင်းဖြင့် စီးဖြန်းပွားများရမည်။ တစ်နည်း မိမိစီးဖြန်းသော ကမ္မဋ္ဌာန်အာရုံ၌သာ စိတ်ကိုထား၍ အခြားတစ်ပါးအာရုံကို မရောက်စေဘဲ စီးဖြန်းပွားများရပေမည်။

ထိုသို့ပွားများသော် တစ်ခုသောချည်မျှင်ဖြင့် သီကုံးအပ်သော ၃၂-မျိုးသော ပန်းတို့သည် မျက်စိအမြင်ရှိသူက ကြည့်လိုက်လျင် တစ်ပြိုင်နက် ထင်မြင်လာသကဲ့သို့ ၃၂-ကောဋ္ဌာသတို့ မရှေးမနှောင်း တစ်ပြိုင်နက် ထင်မြင်လာလေ၏။ သူတစ်ပါးတို့ သန္တာန်၌ရှိသော ကောဋ္ဌာသတို့၌လည်း လူနတ်မိန်းမယောက်ျားဟု မထင်ဘဲ ၃၂-ပါးသော အစုအပုံ အစုအဝေးသာတည်းဟု ထင်လာလိမ့်မည်။

ဥပမာ ခြေတစ်ဖ၀ါးသာ သွားလောက်သော တံတားပေါ်၌ လျှောက်သွားသောသူသည် သတိမထားဘဲ ပျံ့လွင့်သောစိတ်ဖြင့် တောင်ကြည့်မြောက်ကြည့် လျှောက်သွားခဲ့လျှင် တံတားပေါ်မှချော်ကျပြီး အလွန်တရာနက်သော ချောက်ကမ်းပါးသို့ကျရောက်ကာ ပျက်စီးရသကဲ့သို့ ထို့အတူ ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် မိမိ၏စိတ်ကို သတိဖြင့်မထိန်းဘဲ အပြင်ဗဟိဒ္ဓသို့ အာရုံရောက်သော (၀ါ) စိတ်သည်ပြင်ပ၌ ပျံ့လွင့်နေခဲ့ပါက ကမ္မဋ္ဌာန်းသည်လည်း ဆုတ်ယုတ်တော့၏။

၅။ အလွန်ထင်မြင်သောအခါ ဆံပင်စသော နာမပညတ်ကို လွန်မြောက်ရခြင်း။ ပညတ်ကို လွန်သောအားဖြင့် စက်ဆုတ်ရွံရှာဖွယ်ရှိ၏ဟု ရှေးရှုနှလုံးသွင်းခြင်းဆိုသည်မှာ ဆံပင် မွေးညင်းစသည်ကို အနုလုံ-ပဋိလုံ ပွားများအားထုတ်ရာ၌ ပညတ်ကိုကျော်လွန်ပြီး ပဋိကူလသညာ (ရွံရှာဖွယ်စက်ဆုပ်ဖွယ်) ထင်အောင် အားထုတ်ရမည် ဖြစ်သည်။ ဥပမာ ရေရှားပါးသော အရပ်၌ ရေကို အလိုရှိသော ပုဂ္ဂိုလ်သည် တောထဲတောင်ထဲတွင် ရေကိုတွေ့လျှင် လမ်းမမှတ်မိသေးခင်၌ ထန်းရွတ်သစ်ခက်စသည်ဖြင့် တစ်စုံတစ်ခုကို အမှတ်အသားပြုပြီး ထန်းရွတ်စသည်တို့ကို ၀ါးလုံး၌ ဆွဲထောင်စိုက်ထား၍ (၀ါ) ရေရှိကြောင်း အမှတ်အသားထားလျှင် တစ်ခေါက်ကနှစ်ခေါက်စသည် အသွားအပြန်များလာလျှင် လမ်းကလေးတွေ ထင်လာ၏။

ထိုသို့ လမ်းထင်ရှားလာလျှင် အမှတ်သညာတောင်မရှိတော့ပြီ၊ မထင်ရှားသေးလျှင်ကား ထိုအမှတ်အသားဖြင့် သွားလာကြရပြီး ရေကိုချိုးလည်းချိုး သောက်လည်းသောက်ကြ၍ မကြာခဏသွားကြလာကြသဖြင့် အသွားအပြန်များလာ၍ သွားရာလမ်းထင်ရှားလာ၏။ ထိုအခါ မှတ်သားထားသော အမှတ်အသားများမလိုတော့ဘဲ အလိုရှိသလို လမ်းကြောင်းအတိုင်းသွားလာ၍ ရေကို ချိုးကြ သောက်ကြသကဲ့သို့ ထို့အတူ ရှေးဦးစွာ ဆံပင်စသော နာမညတ်ဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား စက်ဆုပ်ရွံရှာဖွယ် ထင်ရှားလာလျှင် ဆံပင်အစရှိသော အမည်ပညတ်ကိုကျော်လွန်၍ စက်ဆုပ်ရွံရှာဖွယ် ပဋိကူလသညာ၌သာ အာရုံပြု၍ ထားရမည်ဖြစ်သည်။ ကေသာဆိုလျှင် သဒ္ဒါနှင့် အသံကို နှလုံးမသွင်းဘဲ ဆံပင်၌စက်ဆုပ်ဖွယ် ဖြစ်အောင် နှလုံးသွင်းပါ၊ လောမာစသည်လည်း အတူတူပင်မှတ်ပါ။ ပဋိကူလသညာ-အသုဘဘာဝနာကို ကြိမ်ဖန်များစွာ နှလုံးသွင်း ဆင်ခြင်ပွားများမှုနှင့် အသုဘဘာဝနာ။ အသေကောင်အသုဘ (အ၀ိညာဏကအသုဘ) ကိုဖြစ်စေ၊ သက်ရှိထင်ရှားသော (သ၀ိညာဏက) ကိုဖြစ်စေ အာရုံပြု၍ ကြိမ်ဖန်များစွာ နှလုံးသွင်းဆင်ခြင်ပွားများလျှင် ၀ိတက် ၀ိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့် ယှဉ်သော ပထဈာန်ကိုရ၏။

ထိုတွင် ရွံဖွယ်ရာ အသုဘအာရုံပွားသဖြင့် ပီတိသောမနဿဖြစ်ရခြင်းမှာ အာရုံက စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း ဤအကျင့်ဖြင့် အိုခြင်း သေးခြင်း ဧကန်မချွတ် လွန်ရပေမည်ဟူသော အကျိုးကို မြော်ကိုးလေ့ရှိခြင်းကြောင့် ၀မ်းမြောက်ရွှင်လန်းခြင်း ပီတိသောမနဿတို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပေသည်။ ဥပမာအားဖြင့် ဘုရားလက်ထက် အခါက ပန်းမှိုက်သွန်ခေါ် ဘင်ကျုံးသမားအား 'ယခုပင်အခကြေးငွေများစွာကို ရပေတော့မည်' ဟုအကျိုး အာနိသင်ကို မြော်မြင်သောကြောင့် မစင်အိုးတွေအပေါ်၌ ပီတိသောမနဿ ဖြစ်သည်နှင့်တူ၏။ အနာကြောင့် ဆင်းရဲဒုက္ခရောက်နေသော ရောဂါသယ်သည် အားဆေးကြောင့် ပျို့အန်ခြင်း ၀မ်းသွားခြင်း စသည်ဖြစ်ရာဝယ် ရောဂါပျောက်မည်ဖြစ်၍ ပျို့အန်ခြင်း ၀မ်းလျှောခြင်းဖြစ်သော်လည်း နှစ်သက်မှု-ပီတိ ၀မ်းမြောက်မှု-သောမနဿ ဖြစ်သည်နှင့်လည်း တူပေသည်။

၆။   ဉာဏ်၌မထင်ရှားသော ကောဋ္ဌာသကို လွှတ်ထားခြင်း။ ၃၂-ပါးသော ကောဋ္ဌာသကမ္မဋ္ဌာန်းကို ရှေးဦးစွာစီးဖြန်းပွားများသောအခါ ဆံပင်၌ ပဋိကူလသညာထင်၏။ မွေးညင်း၌မထင်။ ဤသို့စသည်ဖြင့် မထင်သော ကောဋ္ဌာသကိုချန်၍ ထင်သောကောဋ္ဌာသကို ပွားများဆင်ခြင်ရမည် ဖြစ်သည်။

မှန်၏၊ လက်ဦးအစပထမ ကမ္မဋ္ဌာန်းစီးဖြန်းသည့် ယောဂီသည် ၃၂-ပါးသော ကောဋ္ဌာတို့တွင် အသားနှင့် အရိုးသာ အာရုံပေါ်လာလျှင် အသားနှင့် အရိုးစုကိုသာ ပဋိကူလသညာထင်အောင် အပ္ပနာကျအောင် နှလုံးသွင်း ပွားများရပေမည်။

ဥပမာအားဖြင့် ထန်း ၃၂-ပင်ရှိသော ထန်းတောဝယ် ထန်းပင်တစ်ပင်ပေါ်၌ ကျက်စားနေသော မျောက်တစ်ကောင်သည်ရှိ၏။ ထိုမျောက်ကို ဖမ်းလိုသော မုဆိုးသည် အစဆုံးထန်ပင်၏ အရွက်ကို မြားဖြင့်ပစ်၍ ကြွေးကြော်ခြင်းကို ပြုရာ၏။ မျောက်သည် အစဉ်အတိုင်း ထွက်ပြေးရာ အဆုံးပင်သို့ရောက်၏။ မုဆိုးသည် မျောက်ရှိရာ အစဆုံးထန်းပင်သို့ မြားဖြင့်ပစ်ရာ မျောက်သည် အစဉ်အတိုင်း ထွက်ပြေးပြီး အစထန်းပင်သို့ ရောက်၏။

မျောက်သည် ဤသို့အစဉ်အားဖြင့် အဖန်ဖန်သွားသည်ရှိသော် ကြွေးကြော်ရာ ကြွေးကြော်ရာအရပ်၌ ထ၍ထ၍ ပြေးသွားပုန်းအောင်းစရာ လုခြုံသော ထန်းပင်၏အရွက်အလက်တို့၏ကြားသို့ ၀င်၍ ဖူးတိုင်ကို ကိုင်တွယ်လျက် ပုန်းအောင်း၍ နေလေ၏။ မုဆိုးသည် လေးမြားဖြင့် ပစ်သော်လည်း မထတော့ပေ။ ဤဥပမာ၌ ၃၂-ပါးသော ကောဋ္ဌာသသည် ထန်း ၃၂-ပင်နှင့်တူ၏။ စိတ်သည် မျောက်နှင့်တူ၏။ ယောဂီပုဂ္ဂိုလ်သည် မုဆိုးနှင့်တူ၏။ မျောက်သည် ၃၂-ပင်သော ထန်းတော၌ နေသကဲ့သို့ ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ၃၂-ပါးသော ကောဋ္ဌာသ၌ အာရုံပြု၍နေရ၏။

မုဆိုးသည် အစထန်းပင်၏ ထန်းရွက်ကို မြားဖြင့်ပစ်၍ ကြွေးကြော်သည်ရှိသော် မျောက်သည် ထန်းပင်သို့ အစဉ်အတိုင်း ပြေးသွား၍ အဆုံးထန်းပင်သို့ ရောက်သကဲ့သို့ ယောဂီပုဂ္ဂိုလ်သည် ကေသာ လောမာ စသည်ကို အစဉ်အတိုင်း စီးဖြန်းသည်ရှိသော် အဆုံးဖြစ်သော ကောဋ္ဌာသ၌ စိတ်သည် ကောင်းစွာ တည်လေ၏။

မျောက်သည် ခေါက်တုံ့ခေါက်ပြန်သွား၍ မောပန်းသောအခါ လုံခြုံရာတစ်ခုသော ထန်းပင်သို့ဝင်ခို၍ ပုန်းအောင်သကဲ့သို့ ယောဂီပုဂ္ဂိုလ်သည် အစဉ်အတိုင်းပွားများလေရာ မထင်သောကောဋ္ဌာသကို လွှတ်၍ အဆုံး၌ လွန်စွာထင်သော တစ်ခုသော ကောဋ္ဌာသ၌ အဖန်ဖန် နှလုံးသွင်း၍ အပ္ပနာဖြစ်အောင် အားထုတ်ရာ၏။

၇။ အထင်ရှားဆုံး ကောဋ္ဌာသတစ်ခု၌ အပ္ပနာဈာန်ကို ရအောင် စီးဖြန်းပြီး လွန်စွာထင်သော ကောဋ္ဌာသ၌ အဖန်ဖန် နှလုံးသွင်း၍ အပ္ပနာဖြစ်သည့်တိုင်အောင် အားထုတ်ရာ၏။

အပ္ပနာဟုဆိုအပ်သော ဈာန်မဂ်ဖိုလ်သို့ ရောက်နိုင်သော ၃၂-ပါးသော ကောဋ္ဌာသတို့တွင် ပွားများအားထုတ်ရမည် ဖြစ်သည်။

ထိုသို့ ဆင်ခြင်ပွားများရာ၌ အထူးအားဖြင့် ထင်လာသော တစ်ခုတည်းသော ကောဋ္ဌာသ၌ အဖန်ဖန်အထပ်ထပ် ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ ပွားများအားထုတ်လျှင် ခပေါင်းရေကြည်စေ့ခပ်အပ်သော ရေသည်ခဏချက်ခြင်း စိမ်းမြဖြူစင်ကြည်လင်တောက်ပသည့်အတူ တစ်ခုသော အာရုံကိုယူရသော သမာဓိနှင့်ယှဉ်သဖြင့် ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် လွန်စွာကြည်လင် တောက်ပလာ၏။ ၀ိတက် ၀ိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော ဈာန်အဂါင်္ငါးပါးတို့နှင့် ပြည့်စုံသော အပ္ပနာဈာန်ကိုလည်း ရလာ၏။

မှန်၏၊ ထိုသို့ အထူးထင်ရှားသော တစ်ခုတည်းသော ကောဋ္ဌာသအာရုံကို အထပ်ထပ်အခါခါ ပွားများသည်ရှိသော် ယောဂီပုဂ္ဂိုလ်၏ သမာဓိနှင့်ယှဉ်သော စိတ်အစဉ်သည် လွန်စွာဖြူစင် ကြည်လင်တောက်ပသည်ဖြစ်၍ ဈာင်အင်္ဂါငါးပါးနှင့်ပြည့်စုံသော အပ္ပနာစသော ကောဋ္ဌာသတစ်ခု၌ ပထမဈာန်ရလျှင် ကြွင်းသော ကောဋ္ဌာသ ၃၁-ပါးတို့၌လည်း လွယ်ကူစွာ ပထမဈာန်ဝင်စားနိုင်ပေသည်။

၈။ ကောင်းမြတ်သောအကြံဖြင့် နိဗ္ဗာန်ကိုလွန်စွာလိုလားသော ယောဂီသည် သင်္ခါရတရားတို့၌ ငြီးငွေ့လျက် စိတ်၏ဖြစ်ဟန်အခြင်းအရာကို အခါမပြတ် ရှုမှတ်ဆင်ခြင်၍ ပန်းထိမ်သည်နှင့် မီးမွှေးယောက်ျားတို့ကို ဥပမာပြုလျက် ၀ိပဿနာစိတ် တွန့်တိုလျှင် မြှောက်ပင့်ရာ၏။ ပျံ့လွင့်လျှင် နှိပ်ရာ၏

၉။ ကမ္မဋ္ဌာန်းသို့ ဖြောင့်တန်းထင်မြင်စွာ မသက်ဝင်လျှင် ဇာတိဒုက္ခ စသည်ကို ဆင်ခြင်၍ စိတ်ကို ရွှင်လန်းတက်ကြွစေရ၏။ ကမ္မဋ္ဌာန်းအာရုံကို ဖြောင်းတန်းစွာ သက်ဝင်နေလျှင် လျစ်လျူရှုနေရာ၏။

၁၀။ သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိကို စောင်းကြိုးညှိသည့်ပမာ ညီမျှစေလျက် သတိတရားကိုမူကား အခါခပ်သိမ်း လွန်စွာထက်မြတ်စေ၍ ဤသို့ လိမ္မာပါးနပ်စွာ ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဆင်ခြင်ရာ၏။   

Ref: ခန္ဓာရှုမြင် တရားခွင်ကျမ်း၊ ပြည်သာယာ ဆရာတော်။ ( ခရစ်နှစ်-၂၀၁၁ )