ဝိပဿနာမဂ်သည် (သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) မဂ်ဟုဆိုသောကြောင့် ၀ိပဿနာဉာဏ်ဖြစ်နေသော ယောဂီများ၌ သီလမရှိဟုလည်းကောင်း၊ ၀ိပဿနာ အားထုတ်နေသော ပုဂ္ဂိုလ်များသည် သီလကို ထိန်းသိမ်း စောင့်ရှောက်စရာ မလို ဟုလည်းကောင်း မဆိုရပေ။ သီလ၀ိသုဒ္ဓိ (သီလစင်ကြယ်အောင် ကြိုတင်ထိန်းသိမ်း စောင့်ရှောက်ခဲ့ရသော သီလသည် ၀ိပဿနာဉာဏ်ဖြစ်ဆဲ အခိုက်၌ ပို၍ သန့်ရှင်းစွာ တည်ရှိနေပေသည်။
ဤသဘောကို မသိကြသော သုတ (အကြားအမြင်) နည်းသူ ပုဂ္ဂိုလ် အချို့သည် ၀ိပဿနာရှုလိုသူတို့ သီလကို ထိန်းစရာမလို၊ သီလသည် လိုရင်း မဟုတ်။ ၀ိပဿနာဉာဏ်ဖြစ်ရေးသာ လိုရင်း ဖြစ်သည်ဟု အယူအဆ မှားယွင်းလျက်ရှိကြလေသည်။
ဝိပဿနာဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဤ၀ိရတီ သီလများ တည်သည် မဟုတ်၊ မတွေ့ မကြုံမဆုံသေးသော ဒုစရိုက်၊ ဒုရာဇီဝတို့မှ ရှောင်ကြဉ်အံ့ဟူသော စေတနာသီလ။ စက္ခုစသော ဒွါရခြောက်ပါးမှ ၀င်ရောက်လာသော ရှုပစသော အာရုံများနှင့် စပ်လျဉ်း၍ ကိလေသာများ မဖြစ်အောင် စက္ခုစသော ဣနြေ္ဒတို့ကို ထိန်းသိမ်း စောင့်စည်းရသော ဣန္ဒြိယ သံဝရသီလ။ တရားအားထုတ်စဉ် ညောင်းညာ ပင်ပန်းမှုတို့ကို သည်းခံရသော ခန္တီ သံဝရသီလ။ ကာမဂုဏ်အကြံအစည်စသော ကာမ၀ိတက်၊ ၀ိဟိံသ၀ိတက်၊ ဗျာပါဒ၀ိတက် တို့ဖြစ်ပေါ်လာပါက ယင်းတို့ကို ၀ိပဿနာဉာဏ်ဖြင့် ကျိတ်ချေဖျက်ဆီး၍ ပျောက်ကင်းအောင် ကြိုးစားရသော ၀ီရိယ သံဝရသီလတို့သည် တည်လျက် ရှိသည်။
ဝိပဿနာတရားတို့ကို ကြိုးစားအားထုတ်သော ယောဂီပုဂ္ဂိုလ်တိုင်း ဤသီလများ ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့်-
ဝိပဿနာရှုပွား နေသောယောဂီ၏ သန္တာန်၌ သီလများ အထူးပြည့်စုံနေရမည်။ သီလ၀ိသုဒ္ဓိ ဟူသော သီလစင်ကြယ်မှု မရှိဘဲ စိတ္တ၀ိသုဒ္ဓ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿန၀ိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿန၀ိသုဒ္ဓိတို့ မဖြစ်နိုင်ပေ။
မဂ္ဂါမဂ္ဂဉာဏဒဿဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿန၀ိသုဒ္ဓိတို့ မဖြစ်ပဲ ဉာဏဒဿန၀ိသုဒ္ဓိ ဟုဆိုအပ်သော မဂ်ဉာဏ်များ မဖြစ်ပေါ်နိုင်။ ထို့ကြောင့်
ဤလောက ချမ်းသာ၊ တမလွန်လောက ချမ်းသာတို့ အတွက် သီလနှင့်တူသော ထောက်တည်ရာ အားကိုးရာမည်သည် မရှိ။ ဟု၎င်း ပိဋကတ်တော်၌ မိန့်ဆိုတော်မူသည်။ ။
Ref: မိုးကုတ် ၀ိနိစ္ဆယ၊ နှာ-၁၂၅-၁၂၆၊ (နိုင်ငံတော်ဝိနည်းဓိုရ်အဖွဲ့၊ဆရာတော်များ)