အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ-မရဏ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿုပါယာ ဘမ္ဘ၀န္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
[ [ မသိခြင်း အ၀ိဇ္ဇာဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း သင်္ခါရတို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်ခြင်း သင်္ခါရဟူသော အကြောင်းကြောင့် ၀ိညာဉ် ဖြစ်၏၊ ၀ိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တည်ရာ အာယတနခြောက်မျိုး ဖြစ်၏၊ တည်ရာ အာယတနခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ဖဿ ဖြစ်၏၊ တွေ့ထိခြင်း ဖဿဟူသော အကြောင်းကြောင့် ခံစားခြင်း ဝေဒနာ ဖြစ်၏၊ ခံစားခြင်း ဝေဒနာဟူသော အကြောင်းကြောင့် တပ်မက်ခြင်း တဏှာ ဖြစ်၏၊ တပ်မက်ခြင်း တဏှာဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ဥပါဒါန် ဖြစ်၏၊ စွဲလမ်းခြင်း ဥပါဒါန်ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ ဘ၀ ဖြစ်၏၊ ဖြစ်ကြောင်းကံ ဘ၀ဟူသော အကြောင်းကြောင့် ဖြစ်ခြင်း ဇာတိ ဖြစ်၏၊ ဇာတိဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက်သည် ဖြစ်ပေါ်၏။ ] ]
ပဋိစ္စသမုပ္ပါဒ်နည်း ပဋိလောမ
အ၀ိဇ္ဇာယတွေဝ အသေသ၀ိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊ ၀ိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာ-မရဏ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
[[ မသိခြင်း အ၀ိဇ္ဇာ၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာလျှင် ပြုပြင်စီရင်ခြင်း သင်္ခါရ ချုပ်၏၊ ပြုပြင်စီရင်ခြင်း သင်္ခါရ ချုပ်ခြင်းကြောင့် ၀ိညာဉ် ချုပ်၏၊ ၀ိညာဉ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ အာယတနခြောက်ပါး ချုပ်၏၊ တည်ရာ အာယတနခြောက်မျိုးချုပ်ခြင်းကြောင့် တွေ့ထိခြင်း ဖဿ ချုပ်၏၊ တွေ့ထိခြင်း ဖဿ ချုပ်ခြင်းကြောင့် ခံစားခြင်း ဝေဒနာ ချုပ်၏၊ ခံစားခြင်း ဝေဒနာ ချုပ်ခြင်းကြောင့် တပ်မက်ခြင်း တဏှာ ချုပ်၏၊ တပ်မက်ခြင်း တဏှာ ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း ဥပါဒါန် ချုပ်၏၊ စွဲလမ်းခြင်း ဥပါဒါန် ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ ဘ၀ ချုပ်၏၊ ဖြစ်ကြောင်းကံ ဘ၀ ချုပ်ခြင်းကြောင့် ဖြစ်ခြင်း ဇာတိ ချုပ်၏၊ ဖြစ်ခြင်း ဇာတ် ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက်သည် ချုပ်လေ၏။ ]]
အကြောင်းကြောင့် အကျိုးဖြစ်
အ၀ိဇ္ဖာ ကြောင့် သင်္ခါရ
သင်္ခါရ ကြောင့် ၀ိညာဏ
ဝိညာဏ ကြောင့် နာမရူပ
နာမရူပ ကြောင့် သဠာယတန
သဠာယတန ကြောင့် ဖဿ
ဖဿ ကြောင့် ဝေဒနာ
ဝေဒနာ ကြောင့် တဏှာ
တဏှာ ကြောင့် ဥပါဒါန
ဥပါဒါန ကြောင့် ဘဝ
ဘ၀ ကြောင့် ဇာတိ
ဇာတိ ကြောင့် ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ။
ပဋိစ္စသမုပ္ပါဒ်အကျဉ်း ဆောင်ပုဒ်
ပဋိစ္စဓာတ်၊ သမုပ္ပါဒ်၊ ရဟတ် ချားစကြာ။
အင်္ဂါမှာကား၊ ဆယ့်နှစ်ထား၊ သုံးပါး အဓွန့်သာ။
နှစ်ဆယ်ခြင်းရပ်၊ သုံးအစပ်၊ လေးထပ်ရှိ အလွှာ။
သုံးခုဝဋ္ဋ၊ နှစ်မူလ၊ ခွဲကြ ပဋိစ္စာ။
ပဋိစ္စရှိ၊ ကြောင်းကျိုးသိ၊ သုဒ္ဓိ ကင်္ခါသာ။
အင်္ဂါ ၁၂-ပါး
၁။ အ၀ိဇ္ဖာ၊ ၂။ သင်္ခါရ၊ ၃။ ၀ိညာဏ်၊ ၄။ နာမ်ရုပ်၊ ၅။ သဠာယတန၊ ၆။ ဖဿ၊ ၇။ ဝေဒနာ၊ ၈။ တဏှာ၊ ၉။ ဥပါဒါန်၊ ၁၀။ ဘ၀၊ ၁၁။ ဇာတိ၊ ၁၂။ ဇရာမရဏ။
အဓွန့်-ကာလ ၃-ပါး
၁။ အ၀ိဇ္ဇာ သင်္ခါရ အတိတ်ကာလ၊
၂။ ဇာတိ ဇရာမရဏ အနာဂတ်ကာလ၊
၃။ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘ၀ ပစ္စပ္ပုန်ကာလ။
အခြင်းအရာ ၂၀
အတိတ်အကြောင်း ၅-ပါး
အ၀ိဇ္ဇာ သင်္ခါ တဏှာ ဥပါဒါန် ဘ၀။
ပစ္စပ္ပုန်အကျိုး ၅-ပါး
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။
ပစ္စုပ္ပန်အကြောင်း ၅-ပါး
တဏှာ ဥပါဒါန် ဘ၀ အ၀ိဇ္ဇာ သင်္ခါ။
အနာဂတ် အကျိုး ၅-ပါး
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။
အစပ် ၃-ပါး
၁။ အတိတ်အကြောင်းဖြစ်သော သင်္ခါရနှင့် ပစ္စပ္ပုန်အကျိုးဖြစ်သော ၀ိညာဏ်တို့၏ အကြားသည် ၁-စပ်။
၂။ ပစ္စုပ္ပန်အကျိုးဖြစ်သော ဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်းဖြစ်သော တဏှာတို့၏ အကြားသည် ၁-စပ်။
၃။ ပစ္စုပ္ပန်အကြောင်းဖြစ်သော ဘ၀နှင့် အနာဂတ်အကျိုးဖြစ်သော ဇာတိတို့၏ အကြားသည် ၁-စပ်။
အလွှာ ၄-ပါး
၁။ အတိတ်အကြောင်း ၅-ပါး ၁-လွှာ။
၂။ ပစ္စုပ္ပန်အကျိုး ၅-ပါး ၁-လွှာ။
၃။ ပစ္စုပ္ပန်အကြောင်း ၅-ပါး ၁-လွှာ။
၎။ အနာဂတ်အကျိုး ၅-ပါး ၁-လွှာ။
ဝဋ် ၃-ပါး
၁။ အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ကိလေသ၀ဋ်။
၂။ ကမ္မဘ၀ သင်္ခါရ ကမ္မ၀ဋ်။
၃။ ဥပပတ္တိဘသ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ ၀ိပါက၀ဋ်။
မူလ ၂-ပါး
၁။ အ၀ိဇ္ဇာ၊
၂။ တဏှာ။
အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ
သစ္စာလေးပါးတို့၌လည်းကောင်း၊ ရှေ့အစွန်းဟုဆိုအပ်သော ပုဗ္ဗန္တ၊ နောက်အစွန်းဟုဆိုအပ်သော အပရန္တ၊ ရှေ့နောက်အစွန်းဟုဆိုအပ်သော ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်တို့၏ အကျိုးအကြောင်းဟုဆိုအပ်သော ပဋိစ္စသမုပ္ပါဒ၊ ဤရှစ်ရပ်သော တရားတို့၌ ဖုံးလွှမ်းတတ်သော မောဟစေတသိက်သည် အ၀ိဇ္ဇာ။
သင်္ခါရ ၃-ပါး
၁။ ကာမကုသိုလ်စေတနာ ၈-ခု၊ ရူပကုသိုလ် စေတနာ ၅-ခု၊ ဤကုသိုလ်စေတနာ ၁၃-ခုသည် ကောင်းသော ၀ိပါက်နာမက္ခန္ဓာကဋတ္တာရုပ်တို့ကို ဖြစ်စေတတ် ပြုပြင်စီရင်တတ်သောကြောင့် ပုညာဘိသင်္ခါရ။
၂။ အကုသိုလ်စေတနာ ၁၂-ခုသည် မကောင်းသော ၀ိပါက်နာမက္ခန္ဓာကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အပုညာဘိသင်္ခါရ။
၃။ အရူပကုသိုလ်စေတနာ ၄-ခုသည် မတုန်မလှုပ်တတ်သော အရူဘ၀ကို ပြုပြင်စီရင်တတ်သောကြောင့် အာနေဉ္စာဘိသင်္ခါရ။
အ၀ိဇ္ဇာသည် သင်္ခါရအား ကျေးဇူပြုပုံ အ၀ိဇ္ဇာသည် သစ္စာလေးပါးကို မသိမမြင်သောကြောင့် မျက်စိကန်းသောသူနှင် တူ၏၊ သံသရာလမ်းခရီး၌ ကျင်လည်ကြရာ တစ်ခါတရံ ပုညာဘိသင်္ခါ၊ အာနေဉ္စာဘိသင်္ခါရ ဟူသော ဖာလ်မြေမှန်မြေကို နင်းမိ၏၊ တစ်ခါတရံ အပုညာဘိသင်္ခါရ ဟူသော ဆူးငြောင့်ခလုတ်ကို နင်းမိ၏၊ ထို့ကြောင့် အ၀ိဇ္ဇာကြောင့် သင်္ခါရ ၃-ပါးဖြစ်၏။
တဏှာပစ္စယာ ဥပါဒါနံ
တဏှာ၏အရ အားနည်းသော လောဘသည် တဏှာ၊ အားကြီးသော လောဘသည် ဥပါဒါန်မည်၏။ သူခိုးကြီးလျှင် ဓားမြဆိုသကဲ့သို့ တဏှာဓာတ်အဆင့်ဆင့် ရင့်သန်၍ အပြင်းအထန် စွဲလမ်းမှုကို ဥပါဒါန်ဟုခေါ်သည်။ ဥပါဒါန်၏အရ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တ၀ါဒုပါဒါန်(တရားကိုယ်မှာ လောဘ၊ ဒိဋ္ဌိ) အားဖြင့် ၄-ပါး။ ဘ၀၏အရကား ကမ္မဘ၀ ဥပပတ္တိဘ၀ ၂-ပါးရ၏။ ဖြစ်ပေါ်တတ် ကြီးပွားတတ်သောကြောင့် ဘ၀မည်၏။ ချမ်းသာအမျိုးမျိုး ဆင်းရဲအမျိုးတို့၏ ဖြစ်ပေါ်ခြင်း၊ ကြီးပွားခြင်း၏ အကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်တို့နှင့်ယှဉ်သော စေတနာ ၂၉-ခုသည် ကမ္မဘ၀မည်၏၊ ထင်ရှားစွာဖြစ်ပေါ်လာတတ်သော လောကီဝိပါက် ၃၂၊ စေတသိက် ၃၅၊ ကမ္မဇရုပ် ၂၀ တို့သည် ဥပပတ္တိဘ၀မည်၏။
သင်္ခါရနှင့် ဘ၀အထူး
အတိတ်ဘ၀၌ဖြစ်သော စေတနာသည် သင်္ခါရမည်၏၊ ယခုပစ္စုပ္ပန်ဘ၀၌ ဖြစ်သော စေတနာသည် ကမ္မဘ၀မည်၏။ တနည်း စေတနာသက်သက်သည် သင်္ခါရမည်၏၊ စေတနာသည်လည်းကောင်း စေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ကျင်လည်တတ်သော အဘိဇ္ဈာစသော တရားအပေါင်းသည်လည်းကောင်း ဘ၀မည်၏။
ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ
ကာမုပါဒါန်ကြောင့် ဒုစရိုက်ကို ပြု၏၊ ထိုဒုစရိုက်စေတနာသည် ကမ္မဘ၀မည်၏၊ ထိုအကုသိုလ် ကမ္မဘ၀ကြောင့် ငရဲဘုံ စသည်တို့၌ လားရောက်ရ၏။ ထိုဒုဂ္ဂတိဘ၀၌ ပဋိသန္ဓေ၀ိပါက်ဖြစ်မှုသည် ဥပပတ္တိဘ၀မည်၏။ ဤသို့ အကုသိုလ်ကံ ဟူသော ကမ္မဘ၀နှင့် ဒုဂ္ဂတိဘ၀ ဟူသော ဥပပတ္တိဘ၀သည် ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမူကြောင့်ဖြစ်သောကြောင့် ဘ၀ ဖြစ်ရ၏။လူ့ဘုံ နတ်ဘုံ၌ သာယာစွဲလမ်းခြင်းကြောင့် သုစရိုက်ကုသိုလ်ကံကို ပြုလုပ် အားထုတ်၏၊ ထိုကုသိုလ်ကံသည် ကမ္မဘ၀မည်၏၊ ထိုကံသည် ဖြစ်စေအပ်သော လူ နတ်ပဋိသန္ဓေ၀ိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘ၀မည်၏။အကုသိုလ်ကမ္မဘ၀ ပြုမိလေသောကြောင့် အပါယ် ၄-ဘုံ၌ အပါယ်ခန္ဓာဟုဆိုအပ်သော ဥပပတ္တိဘ၀ အမျိုးမျိုးတို့သည် ဖြစ်ပေါ်ပြန်ကုန်၏၊ ကုသိုလ်ကမ္မဘ၀ကို ပြုမိလေသောကြောင့် ကာမသုဂတိ ၇-ဘုံ၌ ကာမသုဂတိခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘ၀ အမျိုးမျိုးတို့သည် ဖြစ်ပေါ်ရပြန်ကုန်၏၊ ရူပါဝစရဘုံ၌ ဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘ၀အမျိုးမျိုးသည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။ အရူပ ၄-ဘုံတို့၌ အရူပဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘ၀ အမျိုးမျိုးတို့သည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏၊ ဤသို့ ဘ၀ ၂-ပါး၏ ဖြစ်ပွားဆက်လက်နေမူသည်လည်း အပြင်းအထန်စွဲလမ်းသော ဥပါဒါန်အတွက်ကြောင့်သာ ဖြစ်ရ၏၊ ထို့ကြောင့် ဥပါဒါန်ကြောင့် ဘ၀ဖြစ်ရ၏။
ဘ၀ပစ္စယာ ဇာတိ
ကမ္မဘ၀အတွက် ဥပပတ္တိဘ၀ဖြစ်ရပေါ်ရ၏။ ထို ဥပပတ္တိဘ၀၏ ရှေးဦးပထမ ဖြစ်ပေါ်မူသဘောကို ဇာတိ ဆိုရ၏။ ဇာတိကြောင့် ဇရာ-ရင့်ရော်အိုမင်းမှု၊ မရဏ-သေခြင်း၊ သောက-စိုးရမ်ပူဆွေးခြင်း၊ ပရိဒေ၀-ငိုကြွေးခြင်း၊ ဒုက္ခ-ကိုယ်ဆင်းရဲခြင်း၊ ဒေါမနဿ-စိတ်ဆင်းရဲခြင်း၊ ဥပါယာသ-စိုးရမ်ပူဆွေးငိုကြွေးရုံမျှမက ပြင်းစွာပူဆွေးမူ-မြောမူ-မေ့မူတို့ ဖြစ်ကုန်၏။
ဝဋ်ဆိုသည်မှာ
အာသ၀ကြောင့် အ၀ိဇ္ဖာဖြစ်၊ အ၀ိဇ္ဇာကြောင့် သင်္ခါဖြစ် ဤသို့စသည်ဖြင့် စက်ဘီးများ လည်ပတ်နေသကဲ့သို့ ကြောင်းကျိုး မပြတ် တရစပ် လည်ပတ်နေသော တရားများကို ၀ဋ် ဟုဆိုသည်။
ဝဋ် ၃-ပါး
၁။ အ၀ိဇ္ဖာ တဏှာ ဥပါဒါန်သည် ကိလေသ၀ဋ်။
၂။ ကမ္မဘ၀ဟုဆိုအပ်သော ဘ၀တစ်စိတ်နှင့် သင်္ခါရသည် ကမ္မ၀ဋ်။
၃။ ဥပပတ္တိဘ၀ဟုဆိုအပ်သော ဘ၀တစ်စိတ်နှင့် ကြွင်းသော ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏသည် ၀ိပါက၀ဋ်။
ဝဋ်မြစ် ၂-ပါး
၁။ အ၀ိဇ္ဇာ သင်္ခါရ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော ရှေ့ပိုင်း ပဋိစ္စသမုပ္ပါဒ်စရက်ဟတ်၏ ရင်းမြစ်မူလသည် အ၀ိဇ္ဇာ။
၂။ တဏှာ ဥပါဒါန် ဘ၀ ဇာတိ ဇရာမရဏ ဟူသော နောက်ပိုင်း ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ရင်းမြစ်မူလသည် တဏှာ။
ပဋိစ္စသမုပ္ပါဒ်အဆင့်ဆင့် လှည့်ပတ်နေပုံ
လောကကြီးအတွင်းမှာ (ဇရာ၊မရဏ) အို-နာ-သေ ဖြစ်ရတဲ့ ကိစ္စတွေဟာ ဘယ်သူမှ မလွတ်နိုင်ကြဘူး၊ အားလုံး ကြုံတွေ့နေကြရတဲ့ ကိစ္စကြီးတစ်ခုပဲ။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ ဆင်ခြင်တဲ့အခါ ဇာတိဆိုတဲ့ ခန္ဓာငါးပါးကြီး ရှိနေလို့ ဖြစ်ကြရတာပဲ။ ဇာတိမရှိရင် အို-နာ-သေတွေလည်း ကြုံတွေ့စရာမလို၊ နောက်ပြီးတော့ သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿ-ဥပါယာသဆိုတဲ့ အကျိုးဆက်တွေ ဖြစ်ရတာလည်း ဇာတိဆိုတဲ့ ခန္ဓာကြီး ရှိနေလို့ပါပဲ။
ဇာတိသာမရှိရင် အဲဒီအဖြစ်အပျက်တွေနဲ့လည်း ကြုံတွေ့စရာ မလိုတော့၊ ဒါကြောင့် ဇာတိက အကြောင်း၊ ဇရာ မရဏနှင့် သောက ပရိဒေ၀ စသည်တို့က အကျိုးတရားတွေဖြစ်တယ်။
ဇာတိကရော ဘာကြောင့် ဖြစ်ပေါ်လာရတာလဲလို့ ဆင်ခြင်တဲ့အခါ သူ့ရှေ့က ကမ္မဘ၀(ကာယကံ၊၀စီကံ၊မနောကံ) ကြောင့် ဖြစ်ရတာလို့ သိရတယ်။
ကမ္မဘ၀ကရော ဘာကြောင့်ဖြစ်ရတာလဲ သူ့ရှေ့က ဥပါဒါန်ကြောင့် ဖြစ်ရတာ။
အဲဒီနည်းအတိုင်း တဏှာလည်း ဝေဒနာကြောင့်၊ ဝေဒနာလည်း ဖဿကြောင့်၊ ဖဿလည်း သဠာယတနကြောင့်၊ သဠာယတနလည်း နာမ်ရုပ်ကြောင့်၊ နာမ်ရုပ်လည်း ၀ိညာဏ်ကြောင့်၊ ၀ိညာဏ်လည်း သင်္ခါရကြောင့်၊ သင်္ခါရလည်း အ၀ိဇ္ဇာကြောင့် ဖြစ်ရတာပဲ၊ နောက်ဆုံးကျတော့ အကြောင်းရင်းဟာ အ၀ိဇ္ဇာ ဖြစ်နေတယ်။
အ၀ိဇ္ဇာကို ဖြစ်အောင်လုပ်တဲ့ အကြောင်းရင်းလည်း ရှိသေးတယ်၊ အဲဒါကတော့(ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀၊ အ၀ိဇ္ဇာသ၀)ဆိုတဲ့ အာသ၀တရား ၄-ပါး ပါပဲ။
အာသ၀ဆိုတာ တဏှာ ဥပါဒါန်နှင့် ကမ္မဘ၀တို့၌ ထိုက်သင့်သလို ပါဝင်နေပြန်ပါတယ်၊ အဲ့ဒါကြောင့် တဏှာ ဥပါဒါန် ကမ္မဘ၀တို့ ဖြစ်ကြခြင်းသည်ပင်လျှင် အာသ၀တို့၏ အကြောင်းတရားများ ဖြစ်နေကြပြန်ပါတယ်။
ပဋိစ္စသမုပ္ပါဒ်အကျဉ်းပြ လင်္ကာ
အ၀ိဇ္ဇာဘယ်မှာနေ မိမိစိတ်မှာနေ
တစ်ခါတလေမိုက်မဲမှု သင်္ခါရကိုပြု
သင်္ခါရပြုတော့ ၀ိညာဏ်တွယ်
နာမ်ရုပ်အိမ်ကိုသွယ်
အကြည်ခြောက်သွယ် မှန်တံခါး
ကောင်းစွာ တပ်ဆင်ထား။
အာရုံခြောက်ပါးတွေ့ဆုံသော်
ဝိညာဏ်ခြောက်ပါး ဆိုင်ရာပေါ်
ပေါ်လာလေတဲ့ အာရုံများ
ကောင်းစွာသူခံစား
ခံစားပြီးတော့ လိုချင်ပြန်
စွဲလမ်းဥပါဒါန်
ဥပါဒါန်ကြောင့် ရလိုမှု
ကံတွေ ကံတွေ ထပ်ဆင့်ပြု
ကံပြုမိတော့ ဇာတိပေါ်
နာမ်ရုပ်အသစ်ပေါ်
နာမ်ရုပ်ပေါ်တော့ အိုနာဆုံး
သေတော့ ခေါင်းတစ်လုံး။ (ဆရာတော် ဦးဃောသိတ)
Ref: ၀ိ၊ ပါ၃၊ ၁။ သံ၊ ပါ၁၊ ၂၄၃-၂၄၄။ ခု၁၊ နှာ-၇၇။ အဘိ၊ ပါ၂၊ ၁၄၂။ ဒွတ္တိံသာလောကဒီပနီကျမ်း၊ အဘိဓမ္မာသင်တန်းကျမ်းနှင့် မြတ်မင်္ဂလာစာစောင်။