မဂ်ဖိုလ် နိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းမြတ်သော တရားတို့ကို အားထုတ်လိုသော ပုဂ္ဂိုလ်သူတော်ကောင်းတို့သည် အကြောင်းဖြစ်သော ပဋိပတ်ကျင့်စဉ်တရားတို့ကို ရှေးဦးစွာ အားထုတ်ရာ၏။ အဘယ်သို့ အားထုတ်ရာသနည်း ဟူမူကား မဂ်လေးပါးတို့၏ အခြေကား ၀ိပဿနာဉာဏ်ဆယ်ပါး။ ၀ိပဿနာဉာဏ်ဆယ်ပါးတို့၏ အခြေကား သမာဓိနှစ်ပါးတည်း။ သမာဓိနှစ်ပါးတို့၏အခြေကား ကာယသုခ စိတ္တသုခနှစ်ပါးတည်း။ ကာယသုခ စိတ္တသုခနှစ်ပါးတို့၏အခြေကား သီလနှစ်ပါးတည်း။ သီလနှစ်ပါးတို့၏အခြေကား ဟိရီ သြတ္တပ္ပတရားနှစ်ပါး။
ထိုပဋိပတ်ကျင့်စဉ် တရားအပေါင်းတို့တွင် မကောင်းမှုကို ရှက်တတ်သော ဟိရီတရား၊ မကောင်းမှုကို လန့်တတ်သော သြတ္တပ္ပတရား ဤနှစ်ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်သာလျှင် စင်ကြယ်စွာသော သီလနှစ်ပါးကို စောင့်နိုင် ကုန်ရာ၏။ စင်ကြယ်စွာသော သီလနှစ်ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်သာလျှင် ကာယသုခ စိတ္တသုခနှစ်ပါးကို ရနိုင်ကုန်ရာသည်။ ကာယသုခ စိတ္တသုခနှစ်ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်သာလျှင် ၄၀-သောကမ္မဋ္ဌာန်းတို့တွင် တပါးပါးသော ကမ္မဋ္ဌာန်းကို အာရုံပြုသည်၏ အစွမ်းအားဖြင့် သမာဓိတရား၊နှစ်ပါးကို ရနိုင်ရာသည်။ သမာဓိတရားနှစ်ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်သာလျှင် ၀ိဿနာဉာဏ်ဆယ်ပါးတို့ကို ရနိုင်ကုန်ရာသည်။ ၀ိပဿနာဉာဏ်ဆယ်ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်သာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုရ၍ နိဗ္ဗာန်သို့ ရောက်နိုင်ကုန်ရာသည်။
ဝိပဿနာဉာဏ်ဆယ်ပါးဟူသော်ကား သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီန၀ဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်အားဖြင့် ဆယ်ပါးအပြာရှိ၏။
ထိုဆယ်ပါးတွင် သမ္မသနဉာဏ်ဟူသော်ကား ကာမဂုဏ်ငါးပါး အာရုံခြောက်ပါး ဒွါရခြောက်ပါးတို့၏ အစွမ်းအားဖြင့် ပြုပြင်၍ ဖြစ်သော တေဘုမ္မိကသင်္ခါရတရားတို့သည် အဖန်တလဲလဲ မငြိမ်းတိမ်းယိမ်းခြင်းမရှိ၊ ဇာတိ-ပဋိသန္ဓေနေခြင်းမစဲ၊ ဇရာ-အိုခြင်းမစဲ၊ ဗျာဓိ-နာခြင်းမစဲ၊ မရဏ-သေခြင်းမစဲ၊ သောက-စိုးရိမ်ခြင်းမစဲ၊ ပရိဒေ၀-ငိုကြွေးခြင်းမစဲ၊ ဒုက္ခ-ကိုယ်ဆင်းရဲခြင်းမစဲ၊ ဒေါမနဿ-စိတ်နှလုံး မသာယာခြင်းမစဲ၊ ဥပါယာသ-သက်ကြီးရှိုက်ငင် ပင်ပန်းခြင်းမစဲ၊ မမြဲ-အနိစ္စ၊ အသင်္ခတသဘော၊ အာသဝေါ ရေယဉ်သည် အစဉ်မပြတ် ဆက်ခါဆက်ခါ သံသရာဝယ် မခြားမလပ် ဖြစ်တတ်သည်၏ သတ္တိကြောင့် ကပ်၍နှိပ်စက်ခြင်းပြင်းစွာ ဇလနဒီမြစ်ရေကဲ့သို့ ထပ်ခါထပ်ခါ ဆင်းရဲကြီးစွာ ဝေဒနာဟုဆိုအပ်သော ဒေါမနဿစိတ်နှင့်တကွ ကပ်၍ဖြစ်ခြင်း၏အကြောင်းသည် ဒုက္ခမည်၏။
(၁) နိစ္စ၊သုခ၊သန္တတိတို့၏ အစွမ်းအားဖြင့် ကိုယ်ဟူ၍ စွဲလမ်းစရာ အနှစ်သာရ မရှိသောကြောင့် အနတ္တသည် ဃနမည်၏။ ဃနဟူသည်ကား ကေသာ လောမာ နခါ ဒန္တာ တစော အစရှိသော ဒွတ္တိံသတို့၏ အရေအတွက်အစုတို့ကြောင့် ကိုယ်ဟုထင်မှတ်ခြင်း၊ ရုပ်ဇီဝိတ နာမ်ဇီဝိတနှစ်ပါးတို့ကို ထင်ရှားစွာ ကိုယ်ဟူ၍ မှတ်ထင်သောသူသည် သက္ကာယဒိဋ္ဌိမည်၏။ ထို့ကြောင့် အတ္တဘော မေ မရဏ အနိစ္စ အမြဲမရှိရာ၊ ဒုက္ခ ဆင်းရဲကြီးစွာ၊ အနတ္တ ကိုယ်မဟုတ်ချေ တကားဟု လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်သောဉာဏ်သည် သမ္မသနဉာဏ်မည်၏။
(၂) ဥဒယဗ္ဗယဉာဏ်ဟူသည်ကား တေဘုမ္မိကသင်္ခါရတရားတို့ကို ခန္ဓာငါးပါးတည်းဟူသော နည်းဖြင့် ရှုပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာ တည်းဟူသော ခန္ဓာငါးပါး ရုပ်အဋ္ဌ၀ီသ ၂၈-ပါး၊ နာမက္ခန္ဓာလေးပါး အရေအတွက် သင်္ချာအပေါင်းအစုတို့တွင် စက္ခု သောတ ဃာန ဇိဝှါ ကာယ မနဟုဆိုအပ်သော ၀ိညာဏ် ခြောက်ပါး သတ္တိ၏ အစွမ်းအားဖြင့် ပြုပြင်၍ဖြစ်သော ကာမာဝစရ ကုသိုလ်စိတ်ရှစ်ခု၊ ရှုပါဝစရ ကုသိုလ်စိတ်ငါးခုအားဖြင့်၊ ပေါင်းတဆယ့်သုံးခု၌ရှိသော စေတနာ တဆယ့်နှစ်ခုသည်ပုညာဘိသင်္ခါရမည်၏။ လောဘမူစိတ်ရှစ်ခု ဒေါသမူစိတ်နှစ်ခု မောဟမူစိတ်နှစ်ခုအားဖြင့် ပေါင်းတဆယ့်နှစ်ခု၌ရှိသော စေတနာတဆယ့်နှစ်ခုသည် အပုညာဘိသင်္ခါရမည်၏။ အာကာသာနဉ္စာယတနကုသိုလ် ၀ိညာဏဉ္စာယတနကုသိုလ်၊အာကိဉ္စညာယတနကုသိုလ် နေ၀သညာနာသညာယတနကုသိုလ်အားဖြင့် အရှုပကုသိုလ်လေးခု၌ရှိသော စေတနာလေးခုသည် အာနေဉ္စာဘိသင်္ခါရမည်၏။ ဤသင်္ခါရတရားသုံးပါးတို့သည် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကဲ့သို့ အဆက်မပြတ်လည်စေတတ် ဖြစ်စေတတ်သော တရားတည်းဟု ပရိစ္ဆေဒအားဖြင့် ပိုင်းခြား၍ သိတတ်သော ဉာဏသမ္ပယုတ်ဇောတည်းဟူသော ဉာဏ်လက်နက်ဖြင့် လက္ခဏာရေးသုံးပါးသို့တင်၍ရှုဆင်ခြင်သောဉာဏ်သည် ဥဒယဗ္ဗယဉာဏ်မည်၏။
(၃) ဘင်္ဂဉာဏ်ဟူသည်ကား တေဘုမ္မိကသင်္ခါရတရားတည်းဟူသော ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းနှစ်ပါးတို့တွင် ဖြစ်ခြင်းမှလွတ်၍ ပျက်ခြင်းစသောနည်းဖြင့် ပ၀တ္တိ အပ၀တ္တိ ဗျသနအားဖြင့် မဖြစ်သေးသော ကုသိုလ် အကုသိုလ် အဗျာကတတို့သည် ဗျသန-ပျက်ခြင်းသည်သာ မြဲစွာအမှန် အဖန်တလဲလဲ မစဲမဆိတ် အတိတ် ပစ္စုပ္ပုန် အနာဂတ်အားဖြင့် ကာလသုံးရပ် မပြတ်အစဉ်ရှိသည်တွင် ဗျသနဟုဆိုအပ်သော ပျက်ခြင်းသည်သာလျှင် အဓွန့်ရှည်စွာ မြဲသည်သာဟု လက္ခဏာရေးသုံးပါးသို့တင်၍ ရှုဆင်ခြင်သောဉာဏ်သည် ဘင်္ဂဉာဏ်မည်၏။
(၄) ဖြစ်ပြီးသော ကုသိုလ် အကုသိုလ် အဗျာကတ ဘယဉာဏ်ဟူသည်ကား ခန္ဓာငါးပါးတို့ကို လောက၌ဖြစ်သော ခြင်္သေ့သစ်ကျား မြွေနဂါးစသော ရန်တို့နှင့်တွေ့မြင်လျှင် ကြောက်ရွံ့ ထိတ်လန့်ကုန်လျက် တုန်လှုပ်သော စိတ်သည် မဆိပ်မနား ၀င်စားဘိသကဲ့သို့ ထို့အတူ ဘ၀များစွာ သံသရာဝယ် ကမ္ဘာအဆက်ဆက် မပျက်မတိမ် နှောင်အိမ်သဖွယ်၊ ဘုံသုံးသွယ်၌ တလယ်လယ် တပတ်ပတ် ချားရဟတ်ကဲ့သို့ ဤဘ၀မှသည် ထိုဘ၀၊ ထိုဘ၀မှသည် ဤဘ၀ ထိုထိုမျှလောက်သောဘ၀သို့ တဒင်္ဂတခဏမျှမနေမနား ပြေးသွား၍ နေရကုန်သော သတ္တ၀ါအပေါင်းတို့သည် ဇာတိဟုဆိုအပ်သော ပဋိသန္ဓေနေရခြင်းကို မလွန်နိုင်ကြသဖြင့် ခန္ဓာငါးပါးမှ မဆုံးမခြင်း သုံးပါးသော လောကဓာတ်အတွင်း၌ ဖြစ်ကြကုန်သော သင်္ခါရတရားတို့ကို သားရဲခြင်္သေ့စသော ဘေးရန်ကဲ့သို့ မှတ်ထင်ပြီးသောအခါ ဘုံသုံးရွာကို လက္ခဏာရေးသုံးပါးသို့တင်၍ ရှုဆင်ခြင်သောဉာဏ်သည် ဘယဉာဏ်မည်၏။
(၅) အာဒီန၀ဉာဏ်ဟူသည်ကား တေဘုမ္မိကသင်္ခါရတရားတည်းဟူသော ခန္ဓာငါးပါးတို့ကို အ၀ိဇ္ဇာတဏှာဝသေန ဒွေ မူလာနိ ဟူသော လက်သန်းအဋ္ဌကထာ ပါဌ်လာသဘောဖြင့် လောဘမူစိတ်ရှစ်ခု၌ရှိသော လောဘစေသိက်၊ အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခု၌ရှိသော မောဟစေတသိက်အားဖြင့် တဏှာ အ၀ိဇ္ဖာဟုဆိုအပ်သော အမြစ်မူလတရားနှစ်ပါးတို့ကြောင့် တစ်ဆယ့်တပါးသော မီးတို့သည် ပွားစီးပြီးအခါ၊ ကိုးဖြာသောဘ၀တို့၌ စွဲငြိတောက်လောင်လျက် ဆက်ခါဆက်ခါ လောင်စာ မပြတ်သောကြောင့် ကိုးပါးသာဘ၀တို့တွင် သုဒ္ဓါဝါသဘုံကိုကြဉ်၍ တစ်ဆယ့်ခြောက်ဘုံတို့၌ ကြွင်းကျန်ရစ်သူ နတ်လူ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့သည် ဇာတိ ဇရာ ဗျာဓိ မရဏ သောကသီးသီး လောင်သည့်မီးတို့ မငြိမ်းကြလျှင် ရာဂဂ္ဂိ ဒေါသဂ္ဂိ မောဟဂ္ဂိ ဇာတိဇရာ ဗျာဓိ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသဟုဆိုအပ်သော တဆယ့်တပါးသော မီးကြီးတွင်း၌ အပြင်းတွေ့ကြုံရမည်အကြောင်းကို လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်သောဉာဏ်သည် အာဒီန၀ဉာဏ်မည်၏။
(၆) နိဗ္ဗိဒါဉာဏ်ဟူသည်ကား တေဘုမ္မိကသင်္ခါရတည်းဟူသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဇာတိဇရာ ဗျာဓိမရဏ သောကတို့၏ ငြိမ်းခြင်းကို အလိုရှိသည်ဖြစ်၍ မချစ်အပ်သော ကိုယ်မှစ၍ မစုံမက်အပ်သော သားမယားကျေးကျွန် ရွံရှာဖွယ်သော ပစ္စည်း၊ ဆည်းပူးအပ်သော ဥစ္စာရတနာတို့ကို ပြိတ္တာကြော့ကွင် မီးကျီးတွင်းမှ လွတ်ကင်းပြစ်ခွါ ကိုယ်ခန္ဓာကို အိမ်သာမှတ်ခြင်း ပိုးလောက်တွင်းဟု ဘင်တွင်းကုစ္ဆ ယိုစီးကျသည့် ပုပ်လှဖူးယောင် ခွေးပုပ်ကောင်နှင့် ပုံဆောင်ပမာ ကိုယ်ခန္ဓာ၏ ကြောင်းရာစုံမက် ဖြစ်ပျက်ရာကို နှိုင်းချက်စာနာ နိဗ္ဗိဒါဖြင့် လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်သောဉာဏ်သည် နိဗ္ဗိဒါဉာဏ်မည်၏။
(၇) မုဉ္စိတုကမျတာဉာဏ်ဟူသည်ကား ပိုက်ကွမ်၌မိသောငါးတို့သည် ကြောက်သောအားဖြင့် လွတ်လို၍ ရုန်းရင်းခုန်ထွက်သကဲ့သို့ ထို့အတူ တေဘုမ္မိကသင်္ခါရတရားတည်းဟူသော ခန္ဓာငါးပါးတို့မှ လွတ်လို၍ ဒါနံ အလောဘော ဟေတု၊ သီလံ အဒေါသော ဟေတု၊ ဘာဝနံ အမောဟောဟေတု အစရှိသည်ဖြင့် အဘိဓမ္မာပဋ္ဌာန်းမိန့်ညွန်းသည်နှင့်အညီ အလောဘစေတသိကုသိုလ်ဟိတ်၊ အဒေါသစေတသိက်ကုသိုလ်ဟိတ်၊ အမောဟစေတသိက်ကုသိုလ်ဟိတ်နှင့်တကွ ဒါန သီလ ဘာဝနာတို့ကို သမာဓိအစရှိသော မဂ္ဂင်ရှစ်ပါးတရားတို့နှင့် ယှဉ်ပြီးလျှင် လက္ခဏာရေးသုံးပါးသို့တင်၍ ဧကဂ္ဂတာ ကျအောင် ယထာဘူတဉာဏ်ဖြင့် ဟုတ်မှန်သည့်အတိုင်း အဖြစ်နှင့်အပျက်ကို မြင်၍ ရှုဆင်ခြင်သောဉာဏ်သည် မုဉ္စိတုကမျတာဉာဏ်မည်၏။
(၈) ပဋိသင်္ခါဉာဏ်ဟူသည်ကား နှောင်အိမ်နှင့်တူသော လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတို့ကို မီးပုံကြီးကဲ့သို့ထင်မှတ်၍ ပင်လယ်ရေကြော၌ လင်းယဉ်တိုင်ထွဋ်မှ လွှတ်၍ပျံလိုသော သမုဒ္ဒရာ ဇင်ယော်ငှက်သည် ကမ်းကိုမမြင်သေး၍ ကြာနေရသကဲ့သို့ သားမယားကျေးကျွန်တို့နှင့်ကျင်လည်၍လည်းကောင်း၊ သင်္ခါရတရားတို့၌ ကျင်လည်၍လည်းကောင်း နေရသည်သာဟု ထပ်ခါထပ်ခါ ၀ိပဿနာဘာဝနာဖြင့် ခန္ဓာငါးပါးတို့ကို လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်သောဉာဏ်သည် ပဋိသင်္ခါဉာဏ်မည်၏။
(၉) သင်္ခါရုပေက္ခာဉာဏ်ဟူသည်ကား တပ်ခြင်းကင်းသော ၀တ္ထုကို မလိုချင်မနှစ်သက် မစုံမက်မူ၍ လျစ်လျူရှုသကဲ့သို့ ထို့အတူ တေဘုမ္မိကသင်္ခါရတရားတို့ကို လုစ္စတိ ပလုစ္စတီတိ လောကော ဟူသော ၀စနတ္ထနှင့်အညီ ဖြစ်ခြင်းပျက်ခြင်း မကင်းသော သဘောသာတကားဟု သားမယား ကျေးကျွန်းနှင့်တကွ၊ မိမိ ကိုယ်ကိုပင်မစင်ထည့်သော ဂူကဲ့သို့ ထင်မှတ်၍ ထပ်ချင်ဖွယ်မရှိတကားဟု လက္ခဏာရေးသုံးပါးသို့တင်၍ ရှုဆင်ခြင်သောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ်မည်၏။
(၁၀) အနုလောမဉာဏ်ဟူသည်ကား အောက်၌ပြဆိုခဲ့ပြီးသော ၀ိပဿနာဉာဏ် ၉-ပါးတို့ကိုဆင်ခြင်ပြီးမှ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးသို့ ရောက်သဖြင့် သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြားဝေဖန်၍ စတ္တာရိ သစ္စာနိ အစရှိသော ပါဌ်နှင့်အညီ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတည်းဟူသော ဤသစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြား၍ သိပြီးလျှင် အနိစ္စသာ ဒုက္ခသာ အနတ္တသာ တကားဟု လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်သောဉာဏ်သည် အနုလောမဉာဏ်မည်၏။
Ref: ၀ိပဿနာဉာဏကြေးမုံကျမ်း ( ငှက်တွင်းဆရာတော်ဘုရားကြီး )