စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ယုံမှားခြင်း ၁၆-ပါး/ ၈-ပါးနှင့် မိစ္ဆာဒိဋ္ဌိ ၆၂-ပါး

ယုံမှားခြင်း ၁၆-ပါး

အတိတ်ဘ၀၌ ယုံမှားခြင်း ၅-ပါး

၁။ ငါသည် ရှေးအတိတ်ဘ၀၌ ဖြစ်ဘူးလေပြီလောဟု သဿတ အခြင်းအရာကိုမှီ၍ ယုံမှားခြင်း။
၂။ ငါသည် ရှေးအတိတ်ဘ၀၌ မဖြစ်ဘူးလေပြီလောဟု အကြောင်းမဘက် သက်သက်သော အဓိစ္စသမုပ္ပန္နကိုမှီ၍ ယုံမှားခြင်း။
၃။ ငါသည် အတိတ်ဘ၀၌ အဘယ်သို့သောသူ ဖြစ်ဘူးလေသနည်းဟု လူနတ်စသော အမျိုးအသွင်ကိုမှီ၍ ယုံမှားခြင်း။
၎။ ငါသည် အတိတ်ဘ၀၌ အဘယ်သို့သော အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ဘူးလေသနည်းဟု အနိမ့်အမြင့် အဆင်းပုံသဏ္ဌာန်ကိုမှီ၍ ယုံမှားခြင်း။
၅။ ငါသည် ဟိုတတိယဘ၀က ဘယ်လိုဖြစ်ခဲ့၍ လွန်ပြီးသော ဒုတိယဘ၀ ဘယ်လိုဖြစ်ခဲ့ဘူးလေသနည်းဟု အဆက်ဆက်သောအဖြစ်ကိုမှီ၍ ယုံမှားခြင်း။

အနာဂတ်ဘ၀၌ ယုံမှားခြင်း ၅-ပါး

၁။ ငါသည် နောင်အနာဂတ်ဘ၀၌ ဖြစ်ရလတ္တံ့လောဟု သဿတ အခြင်းအရာကိုမှီ၍ ယုံမှားခြင်း။
၂။ ငါသည် နောင်အနာဂတ်ဘ၀၌ မဖြစ်ရလတ္တံ့လောဟု ဥစ္ဆေဒ အခြင်းအရာကိုမှီ၍ ယုံမှားခြင်း။
၃။ ငါသည် နောင်အနာဂတ်ဘ၀၌ အဘယ်သို့သောသူ ဖြစ်ရလတ္တံ့နည်းဟု လူနတ်စသော အမျိုးအသွင်ကိုမှီ၍ ယုံမှားခြင်း။
၎။ ငါသည် နောင်အနာဂတ်ဘ၀၌ အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ရလတ္တံ့နည်းဟု အနိမ့်အမြင့် အဆင်းပုံသဏ္ဌာန်ကိုမှီ၍ ယုံမှားခြင်း။
၅။ ငါသည် နောင်အနာဂတ်ဘ၀၌ ဘယ်သို့သောသူဖြစ်၍ ဘယ်သို့သောသူ ဖြစ်ပြန်ရလတ္တံ့နည်းဟု အဆက်ဆက်သောအဖြစ်ကိုမှီ၍ ယုံမှားခြင်း။

ပစ္စုပ္ပန်ဘ၀၌ ယုံမှားခြင်း ၆-ပါး

၁။ ငါ ဖြစ်သလားဟု သဿတ သက္ကာယအခြင်းအရာကိုမှီ၍ ယုံမှားခြင်း။
၂။ ငါ မဖြစ်ဘူးလားဟု ဥစ္ဆေဒ သက္ကာယအခြင်းအရာကိုမှီ၍ ယုံမှားခြင်း။
၃။ ငါသည် အဘယ်သို့သောသူ ဖြစ်လေသနည်းဟု အမျိုးစသည်ကိုမှီ၍ ယုံမှားခြင်း။
၎။ ငါ၏ ဇီဝိတိနြေ္ဒသည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်လေသနည်းဟု ဇီဝိတိနြေ္ဒ၏ အတိုအရှည်စသော အခြင်းအရာကိုမှီ၍ ယုံမှားခြင်း။
၅။ ငါသည် ဘယ်ဘ၀၌ ဖြစ်ပြီး၍ ဤပစ္စုပ္ပန်ဘ၀သို့ လာခဲ့ရလေသနည်းဟု မိမိ၏ သွားရာဂတိကိုမှီ၍ ယုံမှားခြင်း။
၆။ ငါသည် ဤပစ္စုပ္ပန်ဘ၀မှ အဘယ်မည်သော ဘ၀သို့ လားရပြန်လတ္တံ့နည်းဟု မိမိ၏ သွားရာဂတိကိုမှီ၍ ယုံမှားခြင်း။
အားဖြင့် ကင်္ခါဝိတရဏ-ယုံမှားခြင်း ၁၆-ပါး။

ယုံမှားခြင်း ၈-ပါး 

သတ္ထရိ ကင်္ခတိ-မြတ်စွာဘုရား၏ လက္ခဏာတော်နှင့် ဂုဏ်တော်၌ ယုံမှားခြင်း၊
ဓမ္မေ ကင်္ခတိ-မဂ်-ဖိုလ်-နိဗ္ဗာန်နှင့် ဓမ္မက္ခန်၌ ယုံမှားခြင်း၊
သံဃေ ကင်္ခတိ-အရိယာသံဃာတော်နှင့် အကျင့်၊ လှူအပ်သော အကျိုး၌ ယုံမှားခြင်း၊
သိက္ခာယ ကင်္ခတိ-အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးဖြာ၌ ယုံမှားခြင်း၊
ပုဗ္ဗန္တေ ကင်္ခတိ-ရှေးအတိတ်ဘ၀(ခန္ဓာ ဓာတ် အာယတန)အစွန်း၌ ယုံမှားခြင်း၊
အပရန္တေ ကင်္ခတိ-နောက်အနာဂတ်ဘ၀(ခန္ဓာ ဓာတ် အာယတန)အစွန်း၌ ယုံမှားခြင်း၊
ပုဗ္ဗန္တာပရန္တေ ကင်္ခတိ-ရှေးအတိတ် နောက်အနာဂတ်ဘ၀(ခန္ဓာ ဓာတ် အာယတန)အစွန်းနှစ်ပါး၌ ယုံမှားခြင်း၊
ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ-အကြောင်းအကျိုးဖြစ်ကုန်သော တရားတော်တို့၌ ယုံမှားခြင်းအားဖြင့်လည်း ၈-ပါး။


မိစ္ဆာဒိဋ္ဌိ ၆၂-ပါး အကျဉ်းချုပ်

၁။ ခန္ဓာငါးပါးတို့တွင် တပါးပါးသော ခန္ဓာဟူသော အတ္တဘောလောကသည် မြဲ၏ဟု ယူသောဝါဒသည် သဿတ၀ါဒမည်၏။

၂။ အချို့သော သတ္တ၀ါ သင်္ခါရတို့သည် မြဲကုန်၏၊ အချို့ကားမမြဲဟု ယူသောဝါဒသည် ဧကစ္စသဿတ၀ါဒမည်၏။

၃။ လောကသည် အဆုံးရှိ၏၊ အဆုံးမရှိဟု ယူသောဝါဒသည် အန္တာနန္တ၀ါဒမည်၏။

၎။ အပိုင်းအခြားမှကင်းသော အယူစကားဖြင့် အထူးထူးသော ပစ်ချခြင်းရှိသောဝါဒသည် အမရာဝိက္ခေပ၀ါဒမည်၏။

၅။ သတ္တ၀ါ သင်္ခါရ အတ္တဘောလောကသည် အကြောင်းကင်း၍ ဖြစ်၏ဟု ယူသောဝါဒသည် အဓိစ္စသမုပ္ပန္န၀ါဒမည်၏။

၆။ သေသည်မှ နောက်ကာလ၌ အတ္တဘောကို သညာရှိ၏ဟု ပြောဆိုသော သူတို့၏ ၀ါဒသည် သညီဝါဒမည်၏။

၇။ သေသည်မှ နောက်ကာလ၌ အတ္တဘောကို သညာမရှိဟု ပြောဆိုသော သူတို့၏ ၀ါဒသည် အသညီဝါဒမည်။

၈။ သေသည်မှ နောက်ကာလ၌ အတ္တဘောကို သညာမရှိ၊ သညာမရှိသည်လည်းမဟုတ်ဟု ပြောဆိုသော သူတို့၏ ၀ါဒသည် နေ၀သညီနာသညီဝါဒမည်၏။

၉။ သတ္တ၀ါသည် သေသည်မှ နောက်ကာလ၌ ပြတ်၏ဟု ပြောဆိုသော သူတို့၏ ၀ါဒသည် ဥစ္ဆေဒ၀ါဒမည်၏။

၁၀။ ကာမဂုဏ်ငါးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ စမ္ပယ်ခြင်း မွေ့လျော်ပျော်ပါး ကစားခြင်း စသည်သည် မျက်မှောက်သောဘ၀၌ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ပင်တည်းဟု ပြောဆိုသော သူတို့၏ ၀ါဒသည် ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒမည်၏။

[ ၎င်းမိစ္ဆာဒိဋ္ဌိအကျယ်ကို သုတ္တန်ပိဋက ဒီဃနိကာယ် သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်နှင့် လမ်းမှားမိစ္ဆာဒိဋ္ဌိ (၆၂)-ပါး (ဓမ္မာစရိယလွှမ်းအောင်) ကျမ်းတို့တွင် လေ့လာနိုင်ပါသည်။ ]

Ref: ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ဓမ္မသင်္ဂဏီပါဠိ-အဋ္ဌကထာ၊ နေတ္တိဝိဘာဝိနီဋီကာ၊ ဒွတ္တိံသာလောကဒီပနီကျမ်း၊ အဘိဓမ္မာသင်တန်းကျမ်း၊နှင့် သဂြိင်္ုဟ်ဘာသာဋီကာကျမ်း။