မြို့သထုံမှ ဘ၀ အောင်ပန်း
သုဝဏ္ဏဘုမ္မိ မည်သော သထုံးမြို့သည် ရှင်တော်ဘုရား သာသနာတော် ဦးစွာပွင့်လင်းရာ ဌာနဖြစ်သည်၊ မြန်မာနိုင်ငံ၏ သာသနာတော် အဆက်အနွယ်မြစ်ဖျား ခံရာလည်းဖြစ်သည်၊ မြန်မာနိုင်ငံတွင် သာသနာပြန့်နှံ့ထွန်းကားလာရာမြို့ ဟူ၍လည်း ဆိုနိုင်ပေသည်။
ငှက်တွင်း ဆရာတော်ကြီးသည် သက်တော် ၇၉ နှစ်၊ သိက္ခာ ၅၉ ၀ါ ရရှိတော်မူသောအခါ ဗုဒ္ဓသာသနာတော် ရှေးဦးစွာ ရောက်ရှိ ပွင့်ထွန်းရာ ဤသထုံမြို့သို့ ကြွရောက်ရန် စီစဉ်လေသည်။
ဆရာတော်ကြီးမှာ သက်ရွယ်တော် ကြီးရင့် အိုမင်း လာသဖြင့် အမြို့မြို့ အနယ်နယ်မှ တရားဟော သာသနာပြု ချီးမြှင့်ရန် ပင့်ဆောင်ကြသော်လည်း သာသနာပြုခြင်းကိစ္စကို ရပ်တန့် အနားယူထားချိန် ဖြစ်လေသည်။
အထက်မြန်မာပြည်မှ တဖန်ကြွရောက်ပြီး ရန်ကုန်မြို့ သရက်တောကျောင်းတိုက် မဟာသတိပဋ္ဌာန် ကျောင်းသစ်၌ ခေတ္တ အပန်းဖြေအနားယူ သီတင်းသုံးနေလေသည်။
ယင်းသို့ သာသနာပြုခြင်း တာဝန်ရပ်များ ဆိုင်းငံ့ထားချိန် သထုံမြို့မှ ငှက်တွင်း ဒကာများက ဆရာတော်ကြီး သီတင်းသုံးရာ ရန်ကုန်မြို့ သရက်တောကျောင်းတိုက် မဟာသတိပဋ္ဌာန် ကျောင်းသစ်သို့ လာရောက်၍ ပင့်ကြလေသည်၊ သထုံမြို့သို့ ကြွရောက် သာသနာပြုရန် ပင့်လျှောက်ကြလေသည်။
ပင့်လျှောက်ကြသူများမှာ သထုံမြို့ တရုတ်အမျိုးသား ဗုဒ္ဓဘာသာဝင် ကျောင်းဒကာ ဦးအချို+ဒေါ်အုံး၊ ၎င်းတို့၏ သမီး ဒေါ်ကျင်မွှေး ခင်ပွန်း စောယူဟောက်၊ ဖားကပ်ရွာသူကြီး ဦးပန်းအောင် စသူတို့ ဖြစ်၏။
ဆရာတော်ကြီးသည် သထုံမြို့ ယင်းပုဂ္ဂိုလ်ကြီးများ ဦးဆောင်ပင့်လျှောက်ချက်ကို လက်ခံတော်မူသည်၊ သထုံသို့ ကြွရောက်သာသနာပြုရာ၌ ကွမ်းခြံကုန်းမြို့ ဦးဇောတာဘိဓဇ၊ ရေစကြို ဦးသောမ၊ ဘောက်ထော် ဦးအရိယ၀ံသ၊ ထန်းတပင် ဦးတိဿ၊ သံယုတ်ဆရာတော် ဦးနန္ဒမာလာ၊ ဟင်္သာတအဒါး ဦးဝေပုလ္လနှင့် တော်ကမယ် ဦးသုမန စသည့် သာသနာပြု တပည့်ကြီးများ ပါဝင်လေသည်။
ဆရာတော်ကြီး သထုံမြို့သို့ ကြွရောက်သာသနာပြုသည့်နှစ်မှာ ၁၂၇၂ - ခု ၀ါဆိုလဆန်း ၈ ရက်နေ့က ဖြစ်သည်၊ ဆရာတော်ကြီးသည် တပည့်သံဃာများ ခြံရံလျက် သထုံမြို့ ရွှေစာရံဘုရားဝင်း အတွင်း၌ ဆောက်လုပ်ထားသော ထန်းနှစ်ပင် အုဌ်တိုက် ၀တ်ကျောင်းတွင် သီတင်းသုံး ၀ါဆို လေသည်။
ဆရာတော်ကြီးနှင့် အတူ ဓမ္မကထိက တပည့်များက ၀ါတွင်း သုံးလပတ်လုံး စတုဘုမ္မိကမဂ္ဂင် မဟာသတိပဋ္ဌာန် ကျင့်စဉ်များကို ဟောကြားပြသကြလေသည်၊ ဆရာတော်ကြီး သထုံမြို့တွင် သာသနာပြုရာ၌ များစွာအောင်မြင်လေသည်၊ ပရိသတ်များလည်း တနေ့တခြား တိုး၍ တိုး၍သာ နေသည်၊ နာယူကြသူတိုင်း အားရနှစ်သက်ကြလေသည်။
ထိုသို့ ၀ါတွင်းသုံးလ ကာလပတ်လုံး နေ့ညမအား ကျင့်စဉ်တရားတော်များ ပြသဟောကြားခဲ့ရာ သီတင်းကျွတ်လဆန်း ၉ - ရက်နေ့သို့ ရောက်လေပြီ၊ သီတင်းကျွတ်လဆန်း ၁၀ - ရက်နေ့ နံနက် အရုဏ်တက်ချိန် ဆရာတော်ကြီး ၀ါဆိုသီတင်းသုံးရာ ထန်းနှစ်ပင် အုဌ်တိုက် ၀တ်ကျောင်းအတွင်းမှ သပိတ်လုံးပမာဏရှိသည့် ဖြူဝင်းတောက်ပသော ရောင်ခြည်ဓာတ် အလင်းရောင်သည် ယင်းထန်းနှစ်ပင်အကြားမှ ရွှေစာရံဘုရား ထီးတော်အား သုံးကြိမ် လက်ျာရစ်ပတ်လျက် ကွယ်ပျောက်ခြင်းကို အထင်းသား အကွင်းသား တွေ့မြင်နိုင်ကြလေသည်။
ဆရာတော်ကြီးအား နေ့စဉ် အရုဏ်တက် ဆွမ်းကပ်လာကြသော ဒကာ ဒကာမတို့မှာ ထိုအခြင်းအရာများကို ထူးဆန်းစွာ တွေ့မြင် ဖူးကြရသဖြင့် အံ့အားသင့်လျက် ရှိလေသည်။
ဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းသို့ သူ့ထက်ငါ လုယက်တိုးဝှေ့ သွားရောက်ကြလေသည်၊ ဆရာတော်ကြီး ကျိန်းစက်ရာ အခန်းတွင် သန့်စင်သော ညောင်စောင်း ကုတင်ပေါ်၌ ငြိမ်သက်စွာ ကျိန်းစက် နေခြင်းကို တွေ့မြင်ကြရသည်၊ မလှုပ်မယှက် ငြိမ်သက်နေသော ဆရာတော်ကြီးအား တွေ့ကြရသူတိုင်းက အံ့အားသင့်ကြ၏၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံလွန်တော်မူသည့် နည်းတူ ညောင်စောင်း ကုတင်ပေါ်၌ လျောင်းစက်၍ စံပျော်နေလေသည်၊ ဤသမိုင်း၏ ဖော်ပြခဲ့ပြီးသော ´အောက်ပြည်ကိုစုန် ငြိမ်းပုံကိုပြောလိုက်ပါ၊ သထုံ ပြန်ခါနီးမှ မိသက်နှင့် မိကြီး ကျောင်းတော်ဆောက်အပြီး` ဆိုသည့် ရှေ့ပြေးနိမိတ် အတိတ်တဘောင်အရ ငှက်တွင်းဆရာတော်ကြီးသည် သထုံမြို့ ရွှေစာရံကျောင်းအမ ဒေါ်သက်နှင့် ဒေါ်ကြီးတို့ ဆောက်လုပ်ထားသော ကျောင်းတော်ကြီး၌ပင် အပြီးအပြတ် ပရိနိဗ္ဗာနဓာတ် ၀င်စံတော်မူရပြီ မဟုတ်ပါလား ။
လျောင်းစက် ငြိမ်သက်နေသော ခန္ဓာတော် ချုပ်ငြိမ်းလျက် ဘ၀အောင်ပန်းကို ဆင်မြန်းတော်မူလေပြီကော။
ခန္ဓာဝန် မချုပ်ငြိမ်းမီ နေ့များက ဆရာတော်ကြီးသည် တပည့် ပရိသတ်တို့အား တရားရေအေး တိုက်ကျွေး နေတော်မူသည်၊ ဆရာတော်ကြီး အဖို့ ဗျာဓိဝေဒနာ မခံစားရ၊ ၉၆ - ပါးသော အနာရောဂါဟူသည် ဆရာတော်ကြီးနှင့် မသက်ဆိုင်သကဲ့ ရှိ၏၊ ခန္ဓာတော် ရုပ်သိမ်း၍ ဘ၀အောင်ပန်းကို ဆင်မြန်းတော်မူသည့်နေ့ ( ထို့နေ့ ) မှသာ ထူးဆန်းစွာ ဖူးတွေ့ကြရလေသည်။
အားလုံးသော ရဟန်း လူ တပည့် အပေါင်းတို့သည် ဆရာတော်ကြီး၏ ရုပ်အလောင်းတော်မြတ်ကို ပြင်ဆင်ကြသည်၊ ကိလေသာ အာသဝေါကင်းကွာသည့် ရဟန္တာများကဲ့သို့ ကျနစွာ ပြင်ဆင်ထားသော ဆရာတော်၏ ရုပ်အလောင်းတော်မှာ ပုပ်သိုးခြင်း အနံ့နံခြင်း မရှိ၊ နဂိုရ် ပကတိ ရုပ်အသွင်ဏ္ဌာန်ဖြင့် လှပဆန်းကြယ်သော မှန်ခေါင်းတွင် ကျိန်းစက် နေသည်နှင့်တူသည်။
ဤသို့အားဖြင့် ၆ လ တိုင်တိုင် ထားသော်လည်း အနံ့မထွက်၊ မပုပ်မသိုး ၁၂၇၂ - ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့မှစ၍ ၅ ရက် တိုင်တိုင် ဆရာတော်အား နောက်ဆုံး ပူဇော်သည့် အနေအားဖြင့် အန္တိမဈာပန သာဓုကိဠနသဘင်ကို ဆင်ယင် ကျင်းပ ပူဇော်ကြလေတော့သည်။
၁၂၇၂ - ခုနှစ်မှစ၍ ဆရာတော်၏ ရုပ်အလောင်းတော်ကို ယခုထက်တိုင် ဂူသွင်းထားသည့် အတိုင်း ငှက်တွင်း ဂိုဏ်းဝင်းများက အလှည့်ကျစီ စောင့်ရှောက် ထိန်းသိမ်းထားတော် မူကြပါသည်။
တေဘုမ္မိက သင်္ခါရမှောင်
စတုဘုမ္မိ မည်ရှိ အတောင်
ဖြန့်ကာမိုးလို့ တန်ခိုး ဂုဏ်ရောင်
ငှက်တွင်းဂိုဏ်း နယ်တိုင်း ဖွင့်တည်ထောင်။
ဝါငါးဆယိ့ကိုး သည်ပိုး ပိုင်ပိုင်
သာသနာရေး အားပေး မြိုင်မြိုင်
တပည့်ပေါင်းတို့ ထောင်သောင်း လှိုင်လှိုင်
ပြန့်နှံ့ပွား ထင်ရှား နယ်ခရိုင်။ ။
+ + + + + + + + + + + + + + + + + + + + + + + +
ဆရာတော်၏ ကျမ်းစာများ
ငှက်တွင်း ဆရာတော်ကြီးသည် အထက်အောက် မြန်မာနိုင်ငံအတွင်း မြို့နယ် ကျေးရွာများသို့ လှည့်လည်ကြွမြန်း၍ စတုဘုမ္မိက မဟာသတိပဋ္ဌာန် အရိယာလမ်းစဉ်များကို ဟောကြားပြသခဲ့ရုံမျှ မကသေးပါ။
သိက္ခာ ၅ - ၀ါမှ အစပြု၍ အားလပ်ချိန် အနားယူချိန်များတွင် ကျမ်းပေါင်း ၂၀ ကျော်တို့ကိုလည်း ရေးသားပြုစုတော်မူခဲ့ပါသည်၊ အမြို့မြို့ အနယ်နယ်မှ မေးလာသော အမေးပုစ္ဆာတို့ကို ဖြေရှင်းခြင်း ထိုထိုပြဿနာ အရပ်ရပ် အဆုံးအဖြတ်စာတမ်းတို့ကို ဆုံးဖြတ်၍ ရေးသားခြင်းများလည်း ရှိပါသေးသည်။
ဆရာတော်ကြီး၏ ကျမ်းစာ ၀ိနိစ္ဆယတို့ကို လက်လှမ်းမီသလောက် အောက်တွင် ဖော်ပြလိုက်ပါသည် -- -- --
၁။ မင်္ဂလသုတ္တန္တ သာသန၀ိသောဓနီကျမ်း
၂။ သာသနသုဒ္ဓိ ဒီပကကျမ်း
၃။ သာသနသုဒ္ဓိ ပဋိပတ္တိလင်္ကာရကျမ်း
၎။ ပရမတ္ထဗျူဟာကျမ်း
၅။ သာသနာလင်္ကာရ မဂ္ဂပကာသနီကျမ်း
၆။ ရာဇောဝါဒကျမ်း
၇။ သာသနာဗျူဟာကျမ်း
၈။ ဓမ္မုပဒေသတက္ကသိုလ်ကျမ်း
၉။ ဗျဉ္ဖီကျမ်း
၁၀။ မဟာသတိပဋ္ဌာနမဂ္ဂင်္ဂဒီပနီကျမ်း
၁၁။ ဒိဋ္ဌိဝိသောဓန ဥဘတောပက္ခ လောက၀ိဒူကျမ်း
၁၂။ လောကစိန္တာကျမ်း
၁၃။ မဟာသတိပဋ္ဌာန နိဿယသစ်ကျမ်း
၁၄။ ဓမ္မစက္ကပ၀တ္တန နိဿယသစ်ကျမ်း
၁၅။ ပိဋကသုံးပုံဖလှယ်ကျမ်း
၁၆။ ပဗ္ဗဇ္ဇာဒိဝိနယကထာကျမ်း
၁၇။ သန္ဓိနိဿယသစ်ကျမ်း
၁၈။ ရတနသုတ် မေတ္တသုတ် နိဿယသစ်ကျမ်း
၁၉။ ဒိဋ္ဌိဘေဒ ပကာသနီကျမ်း
၂၀။ သာသနကောဝိဒဝေရမဏိကျမ်း
၂၁။ ဓမ္မပဒ နိဿယသစ်ကျမ်း
၂၂။ အမတပါဏပိဝနကထာ နိဗ္ဗာန်ဝင်ကျမ်း
၂၃။ သင်္ဂြိုဟ်ဂဏ္ဍိသစ်ကျမ်း
၂၄။ ပါဠိ- သက္ကတ အဘိဓာန်ကျမ်းကြီး
၂၅။ အဆုံးအဖြတ် ၀ိနိစ္ဆယ စာတမ်းငယ်များ။
တို့ဖြစ်ပါသည်။ ။ ။
Ref: စတုဘုမ္မိကမဂ္ဂင် သာသနာဝင်သမိုင်း(၎င်းစာအုပ်တွင် အကျယ်ဖတ်ကြည့်နိုင်ပါသည်)