စတုဘုမ္မိကနိကာယဂဏာဓိပတိ ဘဒ္ဒန္တ ဣန္ဒကာဇီဝ၏ ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ညောင်လေးပင်ရွာ ခမည်းတော် ဦးလှော်၊ မယ်တော် ဒေါ်ရှမ်းတို့မှ ၁၂၈၃ ခုနှစ် တပေါင်းလပြည့်ကျော် ၅ ရက်တွင် ဖွားမြင်သော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း
ဆရာတော် လောင်းလျာသည် ၁၂၉၉ ခုနှစ် တပို့တွဲလဆန်း ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ညောင်လေးပင်ကျေးရွာကျောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏုတ္တရအား ဥပဇ္ဈာယ်ပြု၍ သာမဏေအဖြစ်သို့ ရောက်ရှိတော်မူပြီး ၁၃၀၃ ခုနှစ် တပေါင်းလဆန်း ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် စတုဘုမ္မိကဗဟိုဌာနချုပ်ကျောင်း ခဏ္ဍသိမ်၌ နံယောဆရာတော် ဘဒ္ဒန္တ ဇာဂရကို ဥပဇ္ဈာယ်ပြု၍ ဦးစိန်၊ ဒေါ်တင်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း
ဆရာတော် လောင်းလျာသည် မွန်ပြည်နယ် မော်လမြိုင်မြို့ စိန်မမပါဠိတက္ကသိုလ် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသနှင့် စာချဆရာတော်များ၊ မန္တလေးမြို့ ညောင်ရမ်းတိုက်ဆရာတော် ဘဒ္ဒန္တ သူရိယ၊ ဘဒ္ဒန္တ ဉာဏာဘိဝံသ၊ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ သူရိယာဘိဝံသတို့ထံ ပရိယတ္တိစာပေများ သင်ယူဆည်းပူးတော်မူ၍ ၁၃၁၇ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယ စာမေးပွဲကို အောင်မြင်တော်မူခဲ့သည်။
စာပေပို့ချခြင်းနှင့် သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ၁၃၁၇ ခုနှစ်မှစ၍ မွန်ပြည်နယ် မော်လမြိုင်မြို့ စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက်၌ နာယကဆရာတော်များနှင့်အတူ စာသင်သား ရဟန်းသာမဏေ ၉၀ ကျော်တို့အား ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲဆိုင်ရာ ပရိယတ္တိစာပေများကို သုံးနှစ်နှင့် သထုံမြို့ စတုဘုမ္မိကစာသင်တိုက်၌ ငါးနှစ် စာပေပို့ချခဲ့ပါသည်။ ဆရာတော်သည် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂါယနာပွဲတွင် ဆဋ္ဌသိင်္ဂီတိဘာဏကအဖြစ်လည်းကောင်း၊ ဂိုဏ်ပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင်တွင် ပထမကြိမ်မှ စတုတ္ထအကြိမ်အထိ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ ပဉ္စမအကြိမ်မှစ၍ နိုင်ငံတော်သြ၀ါဒါစရိယအဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်တော်မူရာ၌ လဇ္ဇီပေသလ သိက္ခာကာမ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ခမာဇာဂရိယစသော နာယကဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်အား နိုင်ငံတော်အစိုးရက ၁၃၆၆ (ခရစ်နှစ် ၂၀၀၅) ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။
ဘ၀နတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော် အကျိုးသယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၁) နှစ်၊ သိက္ခာတော် (၇၁) ၀ါအရ ၁၃၇၃ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်၊ ခရစ်နှစ် ၂၀၁၂ ခု၊ ဖေဖော်ဝါရီ ၃ ရက်၊ (သောကြာနေ့) ညနေ ၄ နာရီ၊ မိနစ် ၄၀ တွင် ဘ၀နတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
[ မှတ်ချက်။ ။ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် (9.2.2012) ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဗိုလ်ချုပ်ကျေးရွာသုသာန်၌ အန္တိမအဂ္ဂိဈာပန ကျင်းပမည် ဖြစ်ပါသည်။ ]
Ref: ၆-၂-၂၀၁၂@မြန်မာ့အလင်းသတင်းစာ၊