ကာမေသုမိစ္ဆာစာရတို့သည် လေးပါးတို့တည်း အဘယ်လေးပါးတို့နည်းဟူမူကား အခါမဟုတ်သည်၌ သွားလာခြင်း၎င်း၊ မသွားလာအပ်သောအရပ်၌ သွားလာခြင်း၎င်း၊ အင်္ဂါမဟုတ်သည်၌ သွားလာခြင်း၎င်း၊ မသွားလာထိုက်သောသူ၌ သွားလာခြင်း၎င်း ဤသို့ လေးပါးတို့တည်း။
၁။ ထိုလေးပါးတို့တွင် အခါမဟုတ်သည်၌ သွားလာခြင်းမည်သည်ကား သေခါနီးအခါ ကိုယ်ဝန်ရှိသောအခါ၊ သူငယ်အား နို့တိုက်သောအခါ၊ မိန်းမတို့ အလိုမရှိ သဘောမတူသောအခါ၊ ယောနိဆင်းရဲသောအခါ၊ ဥတုလာသောအခါ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသည်ကား အခါမဟုတ်သည်၌ သွားလာခြင်းမည်၏။
၂။ မသွားလာအပ်သောအရပ်၌ သွားလာခြင်းမည်သည်ကား ဓာတ်တော် စေတီတော် ရှိရာအရပ်၊ စာပေသင်ကြား တရားနာရာအရပ်၊ ဆရာရှိရာအရပ်၊ ရိုသေထိုက်သူရှိရာအရပ်၊ မိဘတို့စုဝေးနေထိုင်ရာအရပ်၊ ဤသို့ ဆိုအပ်ခဲ့ပြီးသည်ကား မသွားလာအပ်သော အရပ်၌
သွားလာခြင်းမည်၏။
၃။ အင်္ဂါမဟုတ်သည်၌ သွားလာခြင်းမည်သည်ကား ပဿာဝယောနိမဂ်ကို ထား၍ အလုံးစုံသော မုခမဂ်,၀စ္စမဂ်စသည်ကို အင်္ဂါမဟုတ်သည်၌ သွားလာခြင်းမည်၏။
၎။ မသွားလာထိုက်သောသူ၌ သွားလာခြင်းမည်သည်ကား အလုံးစုံကုန်သော သူတပါးတို့ သိမ်းဆည်းအပ်သော မိန်းမ၎င်း၊ အမိနှမ စသောသူ၌၎င်း၊ ကိလေသာကို နှင်ထုတ်၍ တရားကျင်းကြံကာ နေကြကုန်သော (မိမိ ကာမပိုင်ပင် ဖြစ်သော်လည်း သီလ စောင့်သုံးသော အခါ) ယောဂီတို့သည်၎င်း၊ ဤသည်တို့သည် မသွားလာထိုက်သော သူ၌ သွားလာခြင်းမည်၏။
Ref: စတုသစ္စာသင်္ခေပကျမ်း၊ လေးအိမ်စု ပထမဆရာတော်။ သီလက္ခန်ဋီကာသစ်။