စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ဟောနည်းပြကွက် တရားလင်္ကာများ

ဒေါသတရား၊ သတိထား၊ ပယ်ရှား ရှောင်ကွင်းပါ။

အကြောင်းအကျိုး ကောင်းအဆိုးကို ပယ်ချိုးနင်းဖြတ် မသိတတ်တဲ့ မိုက်ဓာတ်ဟော့ရမ်း ဒေါသကြမ်းကို လုပ်ငန်းကျင့်စဉ် သီလယှဉ်၍ တွင်တွင်ကျိုးစား ဖိနိုပ်ထားမှ မိုက်မှားနှင့်တွေ့ ရှောင်ကြဉ်ကွေ့လျှက် အလေ့ကောင်းစွာ အရိယာလို ယုတ်မာမှုများ ပိတ်ဆို့ထား၍ မှောက်မှားမှုများ ကင်းလွတ်သွားလိမ့်။ တည်းနားသီလ မရှိကြသော် ဒေါသဆွဲရာ ငရဲပါမည် ကျမ်းလာထင်ရှား ရှိသတည်း။ ။


လောဘမီးပွား၊ သတိထား၊ ဆီးတား ပိတ်ဆို့ပါ၊

အာရုံတွေ့က ၊ လိုချင်လှတဲ့
လောဘတဏှာ ၊ အဘိဇ္ဈာကား
ယုတ်မာစိတ်အောင်း ၊ ကောင်း-မကောင်းနှင့်
အကြောင်း-အကျိုး ၊ အမျိုးမျိုးကို
ပယ်ချိုးချေဖြတ် ၊ မသိတတ်တဲ့
အမြတ်ကိုပင် ၊ အယုတ်ထင်လျက်
ဆင်ခြင်တိုင်းထွာ ၊ ဥာဏ်မပါ၍
မိစ္ဆာလမ်းမှား ၊ မတရားကို
ကိုးစားယုံကြည် ၊ ရှိခဲ့ပြီကြောင့်
အော်မည်ငြီးတွား ၊ လောဘပွားက
လေးပါးပါယ်ရွာ ၊ ရောက်တက်ပါ၏
ဆရာကောင်းထံ ၊ နည်းလမ်းမှန်ကို
နာခံလေ့လာ ၊ ဆည်းကပ်ပါမှ
တဏှာညစ်ကြေး ၊ ဆင့်ဆင့်ဝေးမည်
ငြိမ်းအေးချမ်းသာ ရကြောင်းတည်း။


ယုံမှားရှစ်ဖြာ၊ မကင်းပါ၊ သဒ္ဓါ မခိုင်ပါ။

ရတနာသုံး ၊ အမြတ်ဆုံးဟု
စိတ်ဒုံးဒုံးချ ၊ ကိုးကွယ်ကြလဲ
လောကဓံကြုံ ၊ ဆွေ့ဆွေ့ခုံအောင်
လှုပ်တုံရှိရင် ၊ ပုထုဇဉ်ဟု
အရှင်မြတ်များ ၊ ဟောညွှန်ကြား၏
ရှစ်ပါးလောကဓံ ၊ တွေ့ကြုံပြန်က
မြဲမြံသတိ ၊ ဥာဏ်ဖြင့်ညှိ၍
မရှိပူဆာ ၊ ဖြစ်ပေါ်လာက
ရှစ်ဖြာမဂ္ဂင် ၊ လုပ်ငန်းဝင်၍
ဆင်ခြင်စဉ်းစား ၊ နေသူများမှ
မိုက်မှားယုတ်မာ ၊ မပေါ်လာဘဲ
သဒ္ဓါအင်အား ၊ ကောင်းကျိုးပွားအောင်
ကြီးမားရင့်မာ ၊ အရိယာသည်
ရှစ်ဖြာယုံမှား  ကင်းမည်တည်း။


သစ္စာလေးပါး၊ သိပိုင်ထား၊ တရား ဆောင်းပါးပါ။

သစ္စာလေးအင် မသိမြင်ဘဲ
ကျင့်စဉ်အလုပ် ကြိုးအားထုတ်သော်
လောကုတ်နယ်တွင်း မကပ်ခြင်းဘဲ
သေးမင်းပိုင်နက် ဘုံသုံးချက်၌
ဖြစ်ပျက်စုဆန် ကျင်လည်ပြန်ပြီ
ပူပန်ပွားစီး ဆယ့်တစ်မီးတို့
ထန်သီးနေ့ည တွေ့ကြုံရလိမ့်
ဗုဒ္ဓမြတ်စွာ မိန့်ဟောပါ၍
သစ္စာလေးပါး သဘောများကို
ကြိုးစားနည်းခံ ဆရာ့ထံ၌
သင်အံလေ့လာ ဥာဏ်ရင့်ပါသော်
သမ္မာဒိဋ္ဌိ အမြင်ရှိ၍
အသိမြဲခိုင် အကျင့်ပိုင်သည်
ပန်းတိုင်မဂ်-ဖိုလ် ရကြောင်းတည်း။


ဥပတိဿ၊ ကောလိတ၊ အဂ္ဂသာဝကာ လောင်းနှစ်ဖြာ

ဥပတိဿ ကောလိတဟု အဂ္ဂသာဝကာ လောင်းနှစ်ဖြာတို့ သံသာလွတ်မှု ဥာဏ်ဖြင့်ရှုသော် ဆရာသိဉ္စည်း နိဿယည်း၌ ပူမီးသွယ်သွယ် လွတ်မြောက်ဖွယ်ကား တကယ်မရှိ အမှန်သိ၍ သတိတမာန် ပညာဥာဏ်ဖြင့် လမ်းမှန်ရဘို့ ရှာဖွေဦးစို့ ဇမ္ဗူ့အောင်မြေ နှံ့ရောက်စေသော် အဖြေမှန်သိ အဿဇိနှင့် ဆုံမိသောခါ မေးပုစ္ဆာကြောင့် သစ္စာလေးပါး ဟောညွှန်ကြားက တည်နားမဂ်ဥာဏ် သောတာပန်သည် အောင်လံစိုက်ထူ မြဲ၏တည်း။


မဟာသမုဒ္ဒရာတူဘိ ကာယဂတာသတိ

မြစ်ကြီးမြစ်ငယ်၊ အသွယ်သွယ်နှင့်
ချောင်းငယ်ချောင်းကြီး၊ အသီးသီးမှ
စီးဆင်းလာရာ၊ ရေများစွာတို့
မဟာသမုဒ်၊ ၀င်ရောက်ချုပ်သို့
ဖေါ်ထုတ်မပါ၊ ထင်ရှားစွာဖြင့်
ကောဋ္ဌာသစု၊ နည်းစုံရှု၍
သိမှုရင့်သန်၊ ၀ိဇ္ဇာဥာဏ်တို့
ခြံရံသင်းပင်း လုံးအရင်းနှင့်
အတွင်းဝင်ခါ၊ တည်ရောက်လာလိမ့်
မြတ်စွာဘုရား၊ ဟောညွှန်ကြား၍
ထင်ရှားမြဲဆို၊ အဂုင်္တ္တိုရ်၌
ကြည်ညိုစရာ၊ တွေ့ရှိပါ၍
သမ္မာဥာဏ်ယှဉ်၊ သူတော်စဉ်တို့
ကြည်လင်တက်ကြွ၊ စိတ်ကောင်းရမည်
ကာယဂတာသတိ ပွားကြတည်း။


သာဝကမှန်၊ ကြောင်းလေးတန်၊ ဧကန် မမေ့အပ်။

သာဝကပေါင်း၊ ကျင့်မစောင်းအောင်၊ အကြောင်းလေးရပ်၊ မမေ့အပ်ဟု၊ အထပ်ထပ်သာ၊ စောမြတ်စွာသည်၊ သေချာမိန့်ဆို၊ အဂုင်္တ္တိုရ်၌၊ ကြည်ညိုနောင်ပွား၊ ရှင်လူများတို့၊ မှတ်သားလိုက်နာ၊ ကျင့်ပွားပါဟု၊ မေတ္တာရှေ့ထား၊ ဟောညွှန်ထားခဲ၊ ဘုရားမြတ်စွာ၊ ကြည်ညိုပါက၊ ပယ်ရာသယ်ရာ၊ လမ်းနှစ်ဖြာကို၊ ပညာခုတင်၊ ဥာဏ်အမြင်ဖြင့်၊ နေ့စဉ်ညတိုင်း၊ သဒ္ဓါလှိုင်းဖြင့်၊ ဟုတ်တိုင်းမှန်စေ၊ ကျင့်ပွားနေမှ၊ စိန္တေဘုရား၊ တပည့်သားဟု၊ ထင်ရှားပေါ်လွင်၊ ဂုဏ်ထူးယှဉ်လိမ့်၊ ကျင့်စဉ်လမ်းမှန်၊ ကံသုံးတန်၌၊ မြန်မြန်တည်နား၊ ရှိသူများသာ၊ လေးပါးပါယ်ရွာ၊ မရောက်ပါပဲ၊ မြတ်စွာဗုဒ္ဓ၊ သာဝကသည်၊ မုချဧကန် ဖြစ်ကြောင်းတည်း။


ရာဂဘီလူး၊ အမှောင်ပူးက၊ ညောင့်ဆူးပမာ ထိုးဆွပါ။      
                                                                                                                                အချိန်မပြတ် နှိပ်စက်တတ်၍ အမြတ်ကိုပယ် အယုတ်နယ်သို့ ရောက်လွယ်အောင်သာ ဆွဲဆောင်ခါဖြင့် များစွာကြေကွဲ အပူစွဲ၍ ဆင်းရဲဒုက္ခ ပေးတတ်လှတဲ့ ရာဂဘီလူး အမှောင်ပူးက ငြောင့်ဆူးပမာ ထိုးဆွပါ၍ တွေ့ရာအာရုံ တဏှာဟုန်ဖြင့် မြူးခုံလိုက်စား ရှိခဲ့ငြားက ဆီးတားဘို့ရာ မန္တာန်ရှာသော် ကောဋ္ဌာသစု ရွံဖွယ်ရှု၍ အသုဘပင် ဥာဏ်၌မြင်အောင် ဆင်ခြင်စဉ်းစား နည်းစုံပွား၍ ဆီးတားနိုင်သူ ရာဂမူမှ စင်ဖြူလွတ်ကင်း ချမ်းသာခြင်းသည် လက်ငင်း ဒိဋ္ဌ တွေ့မည်တည်း။ ။


မလှူနိုင်ခြင်း၊ အကြောင်းရင်း၊ ဥာဏ်သွင်း စိစစ်ပါ။

မပေးလှူလို နှမြောပိုတဲ့ ၀န်တိုပါလှ မစ္ဆေရနှင့် ငါးဝခန္ဓာ ဖြစ်ပေါ်ရာ၌ များစွာစုထောင်း ဘေးအပေါင်းကို ဆိုးကောင်းကြံတွေး မစစ်ဆေး ကွယ်မှေးမောဟ ပမာဒကြောင့် ဒါနလှူမှု အားမပြုဘဲ သူပြုသည်ကို အပြစ်ဆို၏ ငြင်ငြိုမှုကင်း စိတ်ကောင်းသွင်းသည့် ဝေနေယျာကား သံသာလွတ်လမ်း ဒါနခန်းကို ကြိုးပမ်းစိတ်တည် ပါရမီဟု ယုံကြည်နေ့စဉ် အားထုတ်ချင်သည် မဂ်ဝင်ဖိုလ်ပေါက် ဆက်ကူးတည်း။ ။


နဲနဲပါးပါး၊ အကုများ၊ ရှောင်ရှား ကြောက်ရွံ့ပါ

သေးသေးမွှားမွှား ဒုကံများသည် ကျယ်ပွားဘို့ရေး အားမပေးဟု မလေးမစား မပြုငြားနဲ့ ထင်ရှားပမာ ပြရပါသော် မိုဃ်းရွာသည့်အောက် တည်ထားရောက်တဲ့ အံ့လောက်ထင်ရှား အိုးကြီးများသည် ဖွားဖွားကျရောက် မိုဃ်းရေပေါက်ကြောင့် ပြည့်မောက်လျှံစွာ ရှိ၍လာသို့ ယုတ်မာမှုများ ဆင့်ဆင့်ပွားက ကြီးမားပြည့်မောက် ဆင်းရဲရောက်အောင် ရွံ့ကြောက်စရာ ဆွဲဆောင်ပါသည် ပယ်စွာနေ့ည ရှောင်ကြတည်း။
(နံယောဆရာတော်)