လွန်ခဲ့သည့် အနှစ် (၅၀)ကျော်က မြန်မာနိုင်ငံမှ ဦးဆောင်ပြီး ထေရ၀ါဒ ၅-နိုင်ငံရှိ သံဃမဟာထေရ်ကြီးများ ဦးဆောင်လျှက် သံဃာ ၂၅၀၀ တို့သည် ဘုရားဟော ပါဠိတော်များကို အဋ္ဌကထာ, ဋီကာများနှင့် တကွ ဆဋ္ဌသံဂါယနာတင်ခဲ့ကြသည်။
ထိုစဉ်က ပရိယတ္တိစာပေများ ထွန်းကားသလို ပဋိပတ္တိ၌လည်း အလွန်တရာကျော်ကြားသည့် ကမ္မဋ္ဌာန်းဆရာတော်ကြီးများလည်း ပေါ်ပေါက်ခဲ့ကြသည်။ ထိုဆရာတော်ကြီးများအနက် တောင်ပုလုဆရာတော်ဘုရားကြီးသည်လည်း တပါးအပါအ၀င် ဖြစ်ပေသည်။
ထိုစဉ်က တောင်ပုလုဆရာတော်ဘုရားကြီးကို ကြည်ညိုလေးစားကြသော ဒါယကာ ဒါယိကာမအပေါင်းတို့က စုပေါင်းညီညာ ရန်ကုန်မြို့သို့ ပင့်ဆောင်ပူဇော်ကြပါသည်။ ၀င်ဒါမီယာ ရပ်ကွက်၌ ခေတ္တသီတင်းသုံးနေပါသည်။
ဆရာတော်ဘုရားကြီး၏ သီလ, သမာဓိ, ပညာဂုဏ် သီတင်းတို့ကို ကြားရ၍ အလွန်ကြည်ညို သဒ္ဓါတရား ပွားများသော စာရေးသူသည် ဆရာတော် ဘုရားကြီးထံမှောက် သွားရောက်ကြည်ညိုခဲ့ပါသည်။
ဆရာတော်ကြီး၏ ကမ္မဋ္ဌာန်းကျင့်စဉ်တရားကိုလည်း နားကြားခဲ့ပါသည်။ ဆရာတော်ကြီးက ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကျင့်စဉ်ကို ဟောပြပေးပါသည်။
ထိုအခါ စာရေးသူက " ဆရာတော်ဘုရား၊ ၃၂-ကောဋ္ဌာသ တရားကျင့်စဉ်သည် သမထကမ္မဋ္ဌာန်းဖြစ်၍ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်ပါ့မလား?" ဟု လျှောက်ထား မေးမြန်းပါသည်။ ထိုအခါ ဆရာတော်ဘုရားက ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းသည် အစပိုင်း၌ သမထကမ္မဋ္ဌာန်းဖြစ်၍ သမာဓိအခြေခံ၍ ၃၂-ကောဋ္ဌာသအနက် ရှေ့ပိုင်း ၂၀ သည် ပထ၀ီဓာတ်၊ နောက်ပိုင်း ၁၂-ပါသည်း အာပေါဓာတ်၊ ဤကဲ့သို့ ကွဲပြားစွာ ဓာတ်ကို သဘောပေါက်၍ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာယာဉ် ၃-ပါး ထင်ရှားလာ၍ ၀ိပဿနာဉာဏ် ဖြစ်လာပါသည်။ ၀ိပဿနာဉာဏ် အဆင့်ဆင့် ရင့်ကျက်ပြီး မဂ်, ဖိုလ်, နိဗ္ဗာန် ရနိုင်ပါသည်ဟု ဖြေကြားပါသည်။
ဥပမာပုံစံပြရလျှင် မာတိကမာတာ မယ်တော်ကြီးဟာ မိန်းမသားပုဂ္ဂိုလ်ဖြစ်ပါလျှက် ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကို အားထုတ်ရာ ၇-ရက်အတွင်း အနာဂါမိဖိုလ်အထိ ရရှိပါသည်။ ဈာန်, အဘိညာဉ်တရားများလည်းရပါသည်။ ဓမ္မပဒအဋ္ဌကထာလာ ၎င်း မာတိကမာတာ မယ်တော်ကြီး ၀တ္ထုထောက်ပါဟု အေးအေးဆေးဆေး အဖြေပေးတော်မူပါသည်။ တရားထူး တရားမြတ်လိုလားသူများသည် ဆရာတော်ကြီး၏ ကျင့်စဉ်အတိုင်း ကျင့်သုံးနိုင်ကြပါစေ....။
ဦးကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)
ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့